တဒင်္ဂ လူ့ဘ၀၀ယ်
ဖြစ်ခဲ့ရ ဒီတစ်ကြိမ်
ပျက်ခဲ့ရ ဤခန္ဓာ
ထိုထို ဘ၀၌
အစရှိခဲ့လျှင် အဆုံးဆိုတာရှိကြမြဲမို့ ။
ထို့နောက်တဖန်
သေခြာပြန်ကြည့် သတိတရားနှင့်ယှဉ် ။
ဘ၀ဆိုတာ
အစနဲ့အဆုံး
ဘယ်မှာမသိ ရှိနေနှင့်ခဲ့ ။
အလယ်ဘဝ
အို .... ဒုက္ခ၀ဋ်ခံခဲ့ကြရ
လူ့ဘ၀ ဓမ္မရာ ။
လာတော့လည်း တစ်ယောက်တည် ။
ပြန်တော့လည်း တစ်ယောက်တည် ။
လူဆိုတာက
အချွေးအရံ ၊ အဖော်အသင်း
အဆွေခင်ပွန်း ရှိခဲ့ကြ ။
လူ့သဘာဝ ၊ လူတွေသဘောက
ပြောရန်ခက်လှပါဘိ
မခေါ်ပဲနဲ့လည်း လာပြီး
မနှင်ပဲနဲ့လည်း အပြီးပြန်သွားတတ်၏ ။
ပစ္စည်း သင်္ခါရ ၊ လူ သင်္ခါရ
စွဲညိသည့် တဏှာပေမ
ဖောက်ပြန်တတ်သည့် သဘော
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ပါပေတကား
ထိုအကြောင်းကြောင့်
နတ္ထိ ဖြစ်ကုန်သည် ။
ညီစေနိင်
၁၇၊၆၊၂၀၀၉ ။
ခန္ဓာ နိဂုံး
Labels: ကဗျာ
အသည်းကွဲ ကော်ဖီ
Labels: ကဗျာ
နတ္ထိ စိတ်
Labels: ကဗျာ
တိုင်တည်ခြင်း
Labels: ကဗျာ
မိသားစု ထမင်းဝိုင်း
Labels: ကဗျာ
လွဲချော်ခြင်းတချို့
ခွဲခြားလို့မရ
Labels: ကဗျာ
မိဖြူ နဲ့ ဖိုးညို
ကျမ တို့ - အိမ်မှာ မွေးစားထားတဲ့ ''ကြောင်'' နှစ်ကောင်ရှိတယ်။ မွေးစားတယ်ဆိုယ်ပြီးတော့ မွေးတာတော့မဟုတ်ပါဘူး။
ဒီလိုပါပဲ ရပ်ကွက်ထဲက ''ကြောင်ကလေး'' တွေပါ။ ကျမတို့ ရပ်ကွက်က''ကြောင်မြို့တော်'' လို့ပြောလို့လဲရပါတယ်။ အိမ်တိုင်း လိုလိုကို ရှိကြတာပါ။
ပေမဲ့ တကူးတက ဝ
ခေတ်ကိုက တဖြေးဖြေးနဲ့ တိရစ္ဆာန်တွေကို တရားဝင် မွေးမြူကြတာဆိုတော့ ရပ်ကွက်ထဲက အိမ်တွေကလည်း သိတဲ့အတိုင်းပဲ တစ်ယောက်ကများ ရှေ့ကလုပ်ပြရင် နောက်ကနေလိုက်လုပ်တတ်တာတော့ ကျမတို့ မြန်မာလူမျိုးတွေရဲ့ အကျင့်တခုပါပဲ။ ရပ်ကွက်ထဲမှာလေ ကြွားစရာမရှိ ကိုယ်မွေးထားတဲ့ ''ကြောင်လေး'' တွေရဲ့အကြောင်းတွေကို လိုက်ပြီးကြွားနေကြတာ ''ဟို ဘက်ခြံက ''ကြောင်ကလေး'' က နိင်ငံခြားက အဖိုးကြီးပြန်လာတော့ ပါလာတာတဲ့ ဖွေးဖွေး တုပ်တုပ်ကလေး နိုင်ငံခြားရုပ်ပေါက်နေတယ် တဲ့ '' အထီလား ၊ အမလား'' လို့မေးလာတဲ့သူကရှိသေးတယ်။
သေချာတာကတော့ မဟုတ်မှလွဲရော နိင်ငံခြား ''ကြောင်ကလေး'' နဲ့အမျိုးတော်ချင်ပြီနဲ့တူတယ်။ လူတွေကခက်တယ်။ ပိုက်ဆံရှိတဲ့အသိုင်းအ၀ိုင်းကမွေးထားတဲ့ ''ကြောင်'' ကျတော့ မျိုးကောင်း ၊မျိုးသန့်တဲ့ ဆင်းရဲတဲ့အိမ်ကမွေးထာတဲ့ ''ကြောင်'' ကျတော့ အထင်သေးအမြင်သေးနဲ့ မှိုချိုး၊ မျှစ်ချိုးပြောကြတယ်။ အဆင့်အတန်း မရှိဘူး ၊ ရောဂါတွေ ကူးလိမ့်မယ် အိမ်ကိုအလာမခံနဲ့ ရောက်လာလို့ရှိရင်လဲ အဲဒီနေရာကို ပိုးသတ်ဆေးနဲ့ ဖြန်းရမယ်။ လူတွင်မကဘူးနော် ''ကြောင်'' တွေမှာတောင်မှ ဂုဏ်အဆင့်အတန်းတွေနဲ့ ဒါဟာ လူတွေက ဖန်တီတဲ့ သဘာဝအဆင့်အတန်းဂုဏ်ဒြပ်တစ်ခုလို့ပဲ ယူဆကြပါဆို့။ ''ကြောင်'' တွေကတော့ဘယ်သိပါ့မလဲနော်။ သူတို့သဘာဝ မြင်တာ ၊ တွေ့တာနဲ့ တပြိုင်ထဲ တကောင်နဲ့တကောင် ဖင်ပုပ် ခေါင်းပုပ် အမှီပုပ်နဲ့ ဆော့ကစားဖို့လောက်ပဲ သိတာ မြင်တာရယ်။ နိင်ငံခြားကလာတဲ့''ကြောင်'' မို့လို့ ၊ ဆင်းရဲတဲ့ ''ကြောင်'' မို့လို့ရုပ်ဆိုးတဲ့ ကြောင် မို့လို့ဆိုပြီ အဆင့်အတန်းတွေ ဂုဏ်တွေကိုခွဲခြားတာမှတ်လို့။ လူတွေကသာ အတ္တ ၊ မာန တွေနဲ့ ပကာသနချဲ့ထွင်နေကြတာပါ။
အခုကျမ တို့အိမ်က ''ကြောင်''နှစ်ကောင်ရဲ့အကြောင်းလေးတွေကို ပြောချင်လို့ စကားခွန်းတောက်လိုက်တာပါ။ ဒီလိုပါ ... အိမ်က''ကြောင်'' နှစ်ကောင်က တကယ်တော့ သူတို့တွေဟာ အမေ တဦးထဲက ပေါက်ဖွါးလာတာမဟုတ်ပါဘူး ။ ဒါပေမဲ့ ကျမတို့အိမ်ကမွေးစားထားတာဆိုတော့ မောင်နှမတွေပေါ့။ အကြီးမ က ပထမဆုံး အိမ်ကိုရောက်လာပါတယ်။ သူရောက်လာရတဲ့ အကြောင်းအရင်းကတော့ ကျမတို့ခြံထဲမှာ ကြွက်လာလာပြီးချောင်းတယ်။ သူချောင်း တဲ့ပုံစံက ရီချင်စရာ ကြွက်ကိုချောင်းနေရင်းနဲ့ အိပ်ပျော် သွားတတ်တယ်။ ကျမ တို့တအိမ်လုံးကလဲ သူ့ကိုကြည့်ကြည့်ပြီး ဟာသလုပ်နေကြရတာ။ တရက်လဲမဟုတ် ၊ နှစ်ရက်လဲမဟုတ် ကြာတော့လဲ သနာလာတာနဲ့ သူ့ကို ထမင်းကျန်ဟင်းကျန်လေးတွေကို ကျွေးလိုက်တယ်။ ဒီ ''ကြောင်''က ကြောင်ပါး ရယ်။ နောက်နေ့ကြတော့ ကြွက်ကိုတောင် မကုပ်တော့ဘူး ။ အိမ်ကကျွေးမဲ့ ထမင်းကိုဇိမ်ကျကျနဲ့ အိပ်စောင့်လို့နေတော့တယ်။ ဒီလိုနဲ့ ကျွေးရင်းကျွေးရင်းနဲ့ သံယောဇဉ်ရှိလာတယ်။ မောင်းထုတ်တော့လဲ ပေကပ်ကပ်နဲ့ မသွားဘူး။ သူ့ကြည့်ရတာ တနေ့တာဝမ်းစာရှာစားရတာ မလွယ် ကူးဘူးနဲ့တူပါတယ်။ အိမ်က အဖေ အမေ တွေကလဲ ပြောကြတယ်။ နေပါစေကွာ သူ့မှာလဲရပ်ကွက်ထဲကြောင်တွေကများလာတော့ မှီခိုစရာမရှိဘူးနဲ့တူပါတယ်။ သတ္တ၀ါဆိုတာက လူကျွေးမှစားရတာပါ သနားပါတယ်မပြန်လို့ရှိရင်လဲမွေးထားလိုက်ကွာ။
ဒါနဲ့ ကျမလဲ သူ့ကို အိမ်ထဲခေါ်လာပြီး ရေချိုးသန့်စင်ပေးလိုက်တယ်။ ရေချိုးပြီးမှ ကြောင်မက ပိုချောလာတယ်။ အမွှေးကဖြူဖြူနဲ့ ကိုယ်လုံးလေးကလဲဝကစ်ကစ်ဆိုတော့တအိမ်လုံးရဲ့ ချစ်စရာသမီးကလေးဖြစ်လာပါတော့တယ်။ အဲဒီမှာတင်ပဲ နာမည်ပါတခါတည်းပေးလိုက်ကြတယ်။ "မိဖြူ" ဆိုပြီးတော့ ။ နောက်တနေ့ မနက် ကျမ မြို့ထဲသွားပြီး မိဖြူအတွက်လည်စီးပတ် အနီရောင်လေးဝယ်ခဲ့လိုက်တယ်။ သူများနဲ့တန်းတူနေနိင်အောင် ၊ မျက်နာမငယ်ရအောင်လို့လေ။ အခုဆိုရင် မိဖြူမှာ အိမ်နဲ့ယာနဲ့ ပါမစ်ရတဲ့ ကြောင်တကောင်ဖြစ်သွားပါပြီ။
အခုတော့ မိဖြူတစ်ကောင်ရပ်ကွက်ထဲမှာ ကြောင်ပျိုတွေကြိုက်တဲ့ အလှပန်းတပွင့်ဖြစ်လို့နေပါပြီ။ ရပ်ကွက်ထဲမှာလဲ ဟို လျှောက်သွား ဒီလျှောက်သွားနဲ့ စားချိန်တောင်မှလိုက်ခေါ်နေရတယ်။ ဖမ်းလို့ကိုမမိနိင်တဲ့ကြောင်ပျိုမလေး မိဖြူ ။ တော်သေးတာပေါ့ ည ည ကြရင် အိမ်ပြန်အိပ်လို့။ နို့မို့ရင် မပြောလိုက်ချင်ဘူး။ ရပ်ကွက်ထဲမှာလည်း ကြောင်သူခိုး တွေကအများကြီးရယ်။ ချောတဲ့ လှတဲ့ ကြောင်တွေကိုမှရွေးပြီးခိုးတာနော်။ သူခိုးတွေက အဲဒီ ကြောင် တွေကို ဆိုင်ပြန်ရောင်းကြသတဲ့။ အဲဒီတော့ ကြောင်သူခိုးရန်တွေကိုလဲကြောက်နေရတယ်လေ။
ပြောသာပြောရတာပါ။ မိဖြူကငယ်ပါသေးတယ်။ သူလဲအပေါင်းအသင်းတွေနဲ့နေချင်မှာပေါ့။ အခုလို အိမ်မှာနေရတာထက် စာရင် အပြင်ကပိုပြီးတော့လွတ်လပ်တာပေါ့။ မိဖြူပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်ချုပ်ချယ်မှု့ကိုတော့ ကျမတို့ တအိမ်လုံးက မကြိုက်ကြဘူး။ ဘယ်သားသမီးပဲဖြစ်ဖြစ် လွတ်လပ်မှု့ကို ရှေ့တန်းတင်ကြပါတယ်။
အဲဒီလိုနဲ့ နှစ်လလောက်ကြာတော့ မိဖြူမှာ မောင်လေးတစ်ယောက်တိုးလာခဲ့တယ်။ အဲဒါကတော့ ဖိုးညိုလို့ခေါ်တဲ့ ကြောင်ကလေးပေါ့။ ဖိုးညိုကိုအိမ်ပေါ်ရောက်အောင်ခေါ်လာတာကတော့ ကျမအဖေပဲဖြစ်ပါတယ်။
အဖေ ရုံး ကအပြန် ကားလမ်းပေါ်မှာ အော်ငိုနေတာတွေ့တာနဲ့ခေါ်လာတာပါ။ ကြောင် ချစ်တတ်တဲ့ ကျမအဖေက ကြောင်ကိုမြင်ရင် ရပ်ကြည့်မနေတတ်ပါဘူး။ ဒါကြောင့်မို့ ငိုနေတဲ့ကြောင်ကလေးကို သနားတာနဲ့အိမ်ခေါ်လာတာပါ။ ဒီကလေးကို အဖေမှခေါ်မလာရင်လဲ အခုလောက်ဆို ကားတိုက်ရင်တိုက် ဒါမှမဟုတ်ရင်ရေမြောင်းထဲ ကျပြီး သေနေလောက်ပါပြီ။ အဖေကလဲ တိရစ္ဆာန်တွေဆို သိပ့်ချစ်တာရယ် သနားတာလဲပါတယ်။ အခုတော့အိမ်မှာ မိဖြူနဲ့ဖိုးညို တို့နှစ်ယောက် အဖော်ရလို့ မိဖြူဆိုရင်ရပ်ကွက်ထဲတောင် သွားမလည်တော့ဘူး။ အခုမှပဲ ခြေညိမ်သွားတော့တယ် နို့မို့ဆိုမလွယ်ဘူး။ စိတ်ပူရတယ် အမောပဲ။ သူတို့နှစ်ယောက်က အခုမှတွေကြတာဆိုပေမဲ့ တကောင်နဲ့တကောင်က ချစ်ချစ်ခင်ခင် ၊ သင့်သင့်မြတ်မြတ်ရှိကြတယ်။ ဒီလောက်ကြီးထိအောင် ထိမ်းသိမ်းစောင့်ရှောက်စရာမလိုဘူးရယ်။ သူတို့မောင်နှမကရပ်ကွက်ထဲသွားလဲအတူတူပဲ မိဖြူကတော့ဆရာမကြီးပေါ့။ ဒီရပ်ကွက်မှာက သူ့ကိုမသိတဲ့သူက ခပ်ရှားရှားရယ်။ မောင်ဖိုးညိုကတော့နောက်လိုက်တော်ပေါ့။ အခုမှ ရောက်လာတာဆိုတော့ နယ်မြေသစ်မှာ တစိမ်းဆန်နေတာပေါ့။ သူအမ မိဖြူကတော့ လမ်းမှာတွေ့သမျှ ကြောင်တွေနဲ့ အရောတ၀င် နေတတ်တယ်။ သူနဲ့မသိတဲ့ ကြောင် မရှိဘူးရယ်။ ရုပ်ရည်ကလေးကလဲချော ၊ အမှုအရာကလေးကလဲကောင်း၊ ပဲကလဲများဆိုတော့ ကြိုက်တဲ့သူကလည်းပေါမှပေါ။
တနေ့မောင်ဖိုးညို ရပ်ကွက်ထဲကိုသူအမ မိဖြူမပါပဲထွက်သွားလိုက်တာ ညနေစောင်းမှ အိမ်ကိုပြန်ရောက်လာတော့တယ်။ သူ့အမကတော့ဖြင့် ဖိုးညိုပျောက်လို့ တညောင်ညောင်နဲ့မတွေ့မချင်းကို လိုက်ရှာနေတာ။ လာမဲ့လာတော့လဲ ကြည့်အုံး လက်မှာဒဏ်ရာတွေနဲ့ ရပ်ကွက်ထဲသွားပြီကြောင်ပျိုမလေးတွေကို သွားရှိတ်တယ်နဲ့တူပါတယ်။ အဲဒါကြောင့် ဟိုကအကောင်တွေက ၀ိုင်းကိုက်လွတ်လိုက်တာနဲ့တူတယ်။ မောင်ဖိုးညို ခင်မျာ ခြေတုန်လက်တုန်နဲ့ သူ့ခင်မျာ ကြောက်လန့်နေတာ။ မောင်ဖိုးညိုကလဲ …မောင်ဖိုးညိုပဲ ပုံစံလဲကြည့်ပါအုံး ပြောလဲပြောချင်စရာပဲ ကိုယ်လုံးက ပိန်ပိန် ၊ မျက်လုံးကပြူးပြူး၊ အမွှေးက မဲကြောင်ကြောင် နဲ့ ရုပ်ကဆိုးလိုက်တာများပြောမနေနဲ့တော့သူ့ကုသိုလ်ကံကိုကမကောင်းရှာဘူး။ ဒါတောင်မှအဖေနဲ့တွေ့လို့ နို့မို့ရင်လားကြောင်စုပ်ကြောင်ပဲ့ဖြစ်မှာသေချာတယ်။ အခုနေများမိဖြူနဲ့တော့ကွာပ ။ မိဖြူတို့များ ရက်ကွက်ထဲများသွားရမလားဆိုရင် အမှီးကိုနံ့လို့ ပျော်နေလိုက်တာများ ဖိုးညိုခင်မျာ ကြောင်တောင်တောင်နဲ့ ငေးကြည့်နေရတာ။ ကျမလဲ အခုတလော မိဖြူနဲ့ ဖိုးညိုကို အကဲခတ်နေရပြီ။ သူတို့နှစ်ကောင်စလုံးက အရွယ်ရောက်လာကြပြီဆိုတော့ တော်ကြာနေ ကြောင်စုပ်ကြောင်မိုက်တွေနဲ့များ တွေ့သွားမှာဖြင့်ရေတိမ်နှစ်အုံးမယ်။ အကြီးမ မိဖြူကလဲအခုတလော ရပ်ကွက်ထဲမှာ အော့ကြောလန်တွေရဲ့ အတင်ကလော်သံတွေကကြားနေရတယ်။ နိင်ငံရေးအခြေအနေကမကောင်းရတဲ့ကြားထဲ စည်ပင်က အဆိပ်ပစ်တဲ့ အစာထဲပါသွားမှဖြစ် ရင်ကျိုးရချည်ရဲ့နော်။ မဖြစ်သေးပါဘူး။ ဒီတိုင်းနေလို့တော့ မိဖြူကို သင့်တော်တဲ့သူနဲ့ ပေးစားမှဖြစ်တော့မယ်။ အရင်ဦးဆုံးကျမစဉ်းစားထားတဲ့သူကတော့ အင်း ..ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်တာပဲ ကောင်ပါတယ်။ ဒီတော့အိမ်က ဖိုးညိုနဲ့ တရားဝင်လက်ထပ်ပေးစားလိုက်မယ်။ ဒါပေမဲ့ ဖိုးညိုကရုပ်ကမချောတော့ မိဖြူကရင်ခုန်မှာမဟုတ်ဘူး။ နောက်ပြီးတော့ သူတို့နှစ်ကောင်ကမောင်နှမတွေလိုအတူနေလာတာလဲအတော်ကြာပြီဆိုတော့ ငါးရာနှစ်ဆယ့်ရှစ်အချစ်နဲ့တော့ ပိုကြမယ်မထင်ဘူး။
မကြာပါဘူး အသံတွေကထွက်လာပါပြီ။ ဟိုဘက်ရပ်ကွက်ကနိင်ငံခြားကြောင်တကောင်နဲ့ ဖြစ်နေတယ်ဆိုလား။ ဒီဘက်ခြံက ကြောင်အိုပျိုကြီးနဲ့လဲဖြစ်နေတယ်ဆိုလား ဆိုလားတွေက ကျမ့ နားထဲမှာ တော်တော်များနေပြီ။ နောက်ပြီတော့ နိုင်ငံခြားကြောင်ရဲ့ အဖိုးကြီးကလဲပဲမိဖြူကိုသူ့သားနဲ့သဘောမတူဘူးလေး ဘာလေးနဲ့ပြောသံကြားနေရတယ်။ ခက်တယ် အကြီးမကတော့ ရပ်ကွက်ထဲမှာ တော်တော်ကို ခြေရှုပ်ထားတာပဲ။ ရှုပ်ချင်းရှုပ် အငယ်ကောင်ဖိုးညိုကခြေရှုပ်ရမှာ အခုတော့ ပြောင်းပြန်တွေဖြစ်ကုန်ပြီ။ ဖိုးညိုကလဲသူများပြောလဲ ပြောချင်စရာ ပုံစံက မြောက်လိုလို ၊ ကြောင်လိုလိုနဲ့ဆိုတော့ဘယ်သူကကြိုက်မှာလဲလို့။ ဖိုးညိုက သူ့အမမိဖြူကိုတော့ချစ်တယ်။ အိမ်ပြန်မလာသေးလို့ရှိရင် လိုက်ခေါ်တတ်တယ်။ ထမင်းစားရင်လဲ စောင့်နေတတ်တယ်။ မိဖြူရောက်လာတော့မှ အတူတူစားကြတာပါ။ သူတို့မောင်နှမက အိပ်တာတောင်မှတကောင်နဲ့တကောင် မှီပြီး ပူးအိပ်ကြတာနော်။ အဲလောက်ထိအောင်ကိုချစ်ကြတာပါ။
တိရစ္ဆာန်ဆိုပေမဲ့ သူတို့ဘ၀လေးနဲ့ သူတို့ပျော်ပျော်ရွှင်ရွှင်နေတတ်ထိုင်တတ်ကြတာကိုတော့ သဘောကျသင့်ပါတယ်။
နောက်တပတ်လောက်နေတော့ မိရွှေချောတို့ ဇတ်လမ်းကစတော့တာပါပဲလေ။ နှစ်ရက်သုံးရက်လောက် အစားလဲမစား ရေလဲမသောက်နဲ့ မိဖြူတကောင် နေမကောင်းဖြစ်နေလားမသိဘူးဆိုပြီးတော့ တိရစ္ဆာန်အထူးကုဆေးခန်းကိုသွားပြကြည့်လိုက်တော့။ အဲလောက်ထိအောင်မြန်လိုက်မယ်လို့ကိုထင်မထားမိဘူး။ အခုတော့ မိဖြူမှာ ကိုယ်ဝန်ရှိနေပြီ။ အဲဒါမှပြသာနာပဲ ကိုယ်ဝန်ကဖြင့်ရှိနေပြီ လင်ကောင်ကမပေါ်သေးဘူး။ ဖိုးညိုမျက်နာကိုပြေးမြင်မိတော့တယ် အခုနေများဖိုးညိုကလူဆိုရင်တော့ သူ့အမလင်မပေါ်ပဲနဲ့ရတဲ့ကိုယ်ဝန်ကိုကြည့်ပြီး ဘယ်လောက်များစိတ်ထိခိုက်လိုက်မလဲလို့လေ။ ဖြစ်ပြီးမှတော့ဘာတတ်နိင်မှာလဲ ဖြစ်သမျှအကြောင်းအကောင်းကြီးပဲမှတ်ယုံပေါ့။ စိတ်အားငယ်စရာတော့မရှိပါဘူး။ သူ့ဘေးနားမှာလဲ ဖိုးညိုတကောင်လုံး ရှိနေတာပဲ နောက်ပြီးကျမလဲရှိတာပဲ။ မိဖြူရဲ့ကိုယ်ဝန်ဟာတဖြည်းဖြည်းနဲ့ ရင့်လာပြီ။ဘယ်နေ့ မွေးမလဲဆိုတာကို စောင့်ကြည့်နေရတာ။ တကယ်လို့အိမ်မှာမမွေးနိင်ရင်လဲ အထူးကုဆေးခန်းကိုသွားမွေးဖို့တော့စီစဉ်ထားတာပဲ။ ဆရာဝန်ပြောတာကတော့ မိဖြူရဲ့ ကိုယ်ဝန်က ဗိုက်ထဲမှာ ကလေးသုံးကောင်ရှိတယ်လို့တော့ ဆေးစစ်ချက်ထွက်ထားတယ်။ အဆင်ပြေစွာနဲ့ပဲချောချောမွေ့မွေ့ နဲ့မီးဖွားနိင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့။
၂၃ ၊၄၊၂၀၀၉ ရက်နေ့ကမိဖြူကလေးတွေ မီးဖွားတဲ့နေ့ပေါ့ ။ အိမ်မှာကလဲကျမရယ် ၊ ဖိုးညိုရယ် ၊ မီးဖွားနေတဲ့ မိဖြူးရယ်ပဲရှိတယ်။ ကျန်တဲ့သူတွေက အလုပ်သွားနေကြတယ်လေ။ ပထမတကောင်ကိုတော့ မိဖြူ လွယ်လွယ်ကူကူနဲ့မွေးနိင်ခဲ့တယ်။ ဒုတိယအကြိမ်ကြတောနည်းနည်းလေးကြာမှမွေးတယ်။ တတိယ နောက်ဆုံးသားကျတော့ တော်တော်ပင်ပင်ပမ်းပမ်းနဲ့ကိုကြိုးစားနေရတယ်။ ကလေးကတော်တော်နဲ့အပြင်မရောက်နိင်ဘူး ဖြစ်နေတယ်။ မောင်ဖိုးညိုတကောင်ကတော့ သနားစရာပါနော်။ သူခင်မျာ အိမ်ရှေ့ပြေးလိုက် အိမ်နောက်ဘေး ပြေးလိုက်နဲ့ ဖြစ်ပျက်နေလိုက်တာများ စိတ်ကိုအညိမ်မနေနိင်ဘူးဖြစ်နေတယ်။ သူနဲ့ရတဲ့ကိုယ်ဝန်လဲမဟုတ်ပဲနဲ့အမမိဖြူကိုကြည့်ပြီး စိုးရိမ်သောကတွေများနေတာ။ မိဖြူကလဲနောက်ဆုံးတကောင်ကြမှပဲ ဘာဖြစ်လို့ ကြာနေရတာလဲမသိပါဘူး။ နောက်ထပ်ဆယ်မိနစ်နေမှပဲ နောက်ဆုံးတကောင်ကိုလွယ်ကူစွာနဲ့ မွေးထုတ်နိင်ခဲ့ပါတယ်။ အဲဒီအခါကျမှပဲ ကျမနဲ့ဖိုးညိုသက်ပြင်းချပြီးတော့မှ စိတ်အေးရတော့တယ်။ ဒါပေမဲ့ မိဖြူမှာ အသက်မရှိတော့ပါဘူး။ ကျမလဲပဲ ငိုရမလို ရီရမလိုနဲ့ အသက်ရှုဖို့တောင်မေ့သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာသူ့ရဲ့အသက် အပိုင်းခြားကိုကဒီလောက်နဲ့ပဲရှင်သန်ခွင့်ပေးတာကို နောင်ဘ၀က သူရဲ့ ကံ ၊ကံ၏ အကျိုးလို့ပဲတရားနဲ့ ဖြေဖျောက်ရမှာပေါ့။ ဖိုးညိုကတော့ မသိရှာဘူးပေါ့။ သူ့အမနားကပ်ပြီးလက်ကလေးနဲ့သွားသွားပြီး ပုတ်နေတော့တယ်။ မိဖြူမွေးထားတဲ့သားသမီးသုံးကောင်ကလဲ ချစ်စရာလေးတွေပါ။ သုံးကောင်စလုံးက အမွှေးဖြူဖြူတွေနဲ့ သူ့အမေနဲ့တူကြတာပါ။ ဖိုးညိုနဲ့တော့တစက်ကလေးမှကို မတူဘူးရယ်။ မိဖြူရဲ့သားသမီးတွေက အဖြူရောင် ၊ ဖိုးညိုရဲ့အရောင်က နက်ကြောင်ကြောင်ရယ်။
ဒီနေ့ဟာဖြင့်မိဖြူကိုကျမတို့တအိမ်သားလုံးနောက်ဆုံးမြင်ခွင့်ရတဲ့နေ့ပါပဲ။ နောက်ဆိုမိဖြူကိုကျမတို့ မြင်ချင်လို့ မမြင်ရတော့ပါဘူး။ သူ့ရဲ့အသုဘကို အဲဒီနေ့မှာပဲ တခါတည်း မီးသဂြိုလ်လိုက်ကြပါတော့တယ်။ ၀မ်းနဲကြေကွဲသံတွေနဲ့အတူ ကျမတို့တအိမ်သာလုံး ဆုတောင်းသံတွေထွက်လာကြပါတော့တယ်။ သမီးလေးမိဖြူရေ….
ကောင်းရာသုဂတိသို့လားပါစေသား…..။ နောင်ဘ၀များလူဖြစ်ခဲ့ရင် ငါတို့နဲ့အတူပြန်ဆုံနိင်ပါစေလို့ဆုတောင်ပေး လိုက်ပါတယ်။ မိဖြူရေ…..အမျှ..အမျှ..အမျှ..ပေးဝေပါ၏ ။
ဖိုးညိုကတော့ အခုချိန်ထိအောင် ကြောင်ပျိုကြီးလုပ်နေတုန်းပဲ။ သူ့အမ မိဖြူက သူ့အတွက် တစ်ဘ၀သာ သားသမီးသုံးရောက်ကို အသက်စွန့်ပြီးမွေးထုတ်ပေးခဲ့ပါတယ်။ အခုဆိုရင် ကျမတို့အိမ်မှာ အရမ်းပျော်စရာကောင်းတဲ့ ကြောင်ပျိုကြီးဦးဖိုညိုနှင့် ''ကြောင်''သားသမီး မိသားစုတို့ အတူတကွနေထိုင်လျှက်ရှိကြပါတော့မည်။ နောက်ဆို ကြောင်ပေါက်ကလေးတွေကြီးလာလို့ရှိရင် အရမ်းသာယာလှပတဲ့မိသားစုကြောင်တွေဟာ သိုက်သိုက်ဝန်းဝန်းနဲ့ကြောင်ပျိုကြီး ဦးဖိုညိုရဲ့ဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းသွားပါတော့မယ်။
ပြီးပါပြီး ။ ။
ညီစေနိင်။
23၊5၊2009။
Labels: ၀တ္တုတို