အိမ်အိုဟောင်း

ကျွန်တော် ငယ်ငယ်တုန်းက
အရမ်းအလိုလိုက်တာ ခံရဘူးတယ်
ဘကြီးဖြိုးတို့ တအိမ်လုံးက
မုန့်တွေဝယ်ကျွေး ၊ ပါးတွေနမ်းတာကို
သတိရမိတယ်

ကျွန်တော့်အသက် ၂၀ တုန်းက
မိုက်မဲမှု့ကိုအမှတ်ရနေမိ
ရည်းစားလုပွဲမှာ တခါရှုံးနိမ့်ခဲ့ဘူးတယ်
အသည်းကွဲလို့ အရက်တွေသောက်
တွေ့တဲ့သူနဲ့ရန်တွေဖြစ်ခဲ့

ကျွန်တော်မူးမူးပြီးပြန်လာချိန်
အမေမအိပ်သေးဘူး
ငယ်ငယ်တုန်းကလိုပဲ
ထမင်းတွေခူးကျွေး
အိပ်ယာတွေခင်းပေတယ်

ရေခြား မြေခြား မှာ စီးပွားရှာတဲ့ကာလ
အမေ့ကိုလွမ်းတယ်

ပူစပ်ပူလောင်မြို့ပြမှာ
တစ်ယောက်ထဲဘ၀ကို တည်ဆောက်နေရတယ်

အလုပ်ကအပြန် အိမ်ကိုရောက်ရင်
အမေ့လက်ရာထမင်းဟင်းတွေကို
တမ်းတမိတယ်

အလုပ်အဆင်မပြေတဲ့နေ့တွေမှာ
အမေ့ရဲ့အားပေးစကားတွေကိုကြားခြင်လိုက်တာ

ကျွန်တော့်အသက် ၃၀ မှာ
အဆင်မပြေစွာနဲ့အမေ့အိမ်ကိုပြန်ရောက်ခဲ့တယ်
အမေကကျွန်တော့်ကိုကလေးလေးတစ်ယောက်လိုပဲ
ရင်ခွင်ထဲမှာ ထွေးပွေ့ထားတယ်

ဆိုလိုတာက
ရိုးသားတဲ့အမေ့အိမ်နဲ့ကျွန်တော်
ရိုးအတဲ့အမေနဲ့ကျွန်တော်
ဟိုး....အဝေးကြီးဆီကို
ဘယ်တော့မှခွဲခွါပြီးမနေတော့ဘူး
အမေကအသက်လဲကြီးနေပြီး
ကျန်းမာရေးကလဲချုချာလို့ ...။ ။

ညီစေနိုင်
၁၊၅၊၂၀၀၉။

ပိုင်ဆိုင်ခြင်း

ငါ့ ကဗျာ ၊ ငါ မပိုင် 
ငါ နဲ့ သာဆိုင်
စိတ်တိုင်းကြ တွေးပိုင်ခွင့်ရှိတယ်
မင်းစိတ်စေရာကို
ငါ့ ကဗျာ က ရည်ညွှန်းလိမ့်မယ် ...

ငါ့ ဘ၀ ၊ ငါ မပိုင်
ငါ နဲ့ သာဆိုင်
ကံကြမ္မာရဲ့ စိတ်တိုင်းကြ ရွက်လွင့်လို့ရတယ်
ငါပိုင်ဆိုင်သမျှ အတ္တ မာန နဲ့ လောဘတွေကို
မြေကြီးက ကောက်ယူစားသုံးလိမ့်မယ်...

ငါ့ ချစ်သူ ၊ ငါ မပိုင်
ငါ နဲ့ သာဆိုင်
နင်ကြိုက်နှစ်သက်ရာ ရင်ခွင်ဆီသို့ ခိုနားပိုင်ခွင့်ရှိတယ်
အချစ်တွေကို မေတ္တာရေနဲ့ ဆေးကြောပါ့မယ်...။




ညီစေနိုင်


၃၁၊၅၊၂၀၀၉

လွတ်ကျသွားတဲ့ ငါ့ကမ္ဘာ

လုံးဝန်းတဲ့ ကမ္ဘာကြီး
ငါ့အတွက်
ချစ်ခြင်းနဲ့မေတ္တာတရားဆိုတာ
ဘယ်မှာရှာတွေ့နိုင်မလဲ .....။

လှပတဲ့ ကမ္ဘာကြီး
လောဘ အဆိပ် တက်နေပြီးလား
ငါ့အတွက်
ပျော်ရွှင်မှုဆိုတာ
ဘယ်မှာ ရှာတွေ့နိုင်မလဲ .....။

သာယာတဲ့ လူသားကမ္ဘာ
မယုံနိုင်စရာ
ဒေါသ မီးတွေလောင်ကျွမ်းနေပြီးလား
ငါ့အတွက်
ငြိမ်းချမ်းရေးဆိုတဲ့ မှတ်တိုင်တစ်ခုကို
ဘယ်မှာရှာတွေ့နိုင်မလဲ .....။

ဟန်ဆောင်တဲ့ လူသားကမ္ဘာ
ငါ့အတွက်
ရိုးစင်းတဲ့ အချစ်
ညဏ်ပညာရဲ့ ချစ်ခြင်း
နားလည်မှုရဲ့ မေတ္တာတရားတွေကို
ဘယ်မှာရှာတွေ့နိုင်မလဲ ..... ။ ။
                                
                    ညီစေနိုင်
                    ၃၁၊၅၊၂၀၀၉ ။

မှော်ဝင် အိမ်မက် ကဗျာ

အိမ်မက် နဲ့ ကဗျာတွေက
ဆက်စပ်လို့မရ

သိလိုက် ၊ မသိလိုက် ဖြစ်ခြင်းက
အတိတ်မေ့ နှလုံးရောဂါ တဲ့လား

သွေးလန့် လို့ ခုန်နေတဲ့
ငါ့ ရဲ့ ကြွက်သားတစ်စုံ

မာကြောနေတဲ့ ငါ့နှလုံးသားကို
ဘယ်သူဝင် တိုက်ခိုက်ရဲလဲ

အရူးတစ်ယောက်လိုဖြစ်နေတဲ့ လူက
ကဗျာဆရာတဲ့

ဒီနေ့
ငါ့ စိတ်တွေ မနာမကျန်း ဖြစ်နေတယ်
ရေးလက်စ ကဗျာ နဲ့ ငါက
စကားပြောလို့ ကောင်းနေတုန်း
ပုပ်သိုးနေတဲ့ ဆဲလ်တွေက
ငါ့ ကို ၀ါးမျိုနေပြီ

တစ္ဆေတစ်ကောင်လို ခြောက်လန့်နေတဲ့
အလင်းမဲ့ အရိပ်တစ်ခု
နောက်လည့် အကြည့်မှာတော့
အိမ်မက် က နိုးထခဲ့ပေါ့

ရေးလက်စ ကဗျာ က ငါ့လက်ထဲမှာ
လူးလွန့်လို့နေ ......။ ။

ညီစေနိင်
၂၇၊၅၊၂၀၀၉ ။

အပြာရောင် အလွမ်း

ခွဲကြပြီဆိုတော့
ကြေကွဲတဲ့အပြုံးတွေနဲ့
လက်ရမ်းကာ နူတ်ဆက်အပြီးမှာတော့
ငါ့ခရီးကို ရှေ့ဆက်ဖို့ပြင်
နောက်တစ်ကြိမ် ပြန်တွေ့ဖို့ဆိုတာ
မသေချာ
ကံကြမ္မာရဲ့ စေညွှန်းရာအတိုင်း ။

ငါသေဆုံးတဲ့ တစ်နေ့ကြရင်
မျက်ရည်မကျကြေး
လွမ်းစိတ်မပိုကြေး ။

အတောမသတ်နိုင်တဲ့ လောကဓာတ်ရဲ့
ဘ၀အလှည့်အပြောင်းမှာ
ငါ့ဘ၀သေချင် သေပါစေ
သွေးဆူနေတဲ့ ငါ့ကဗျာကိုတော့
မသေစေချင်ဘူး ။

အမုန်းမရှိတဲ့ မြို့တော်မှာ
မနောလှတဲ့ ခင်နှမငယ်တစ်ယောက်လဲရှိသေးတယ်။
ခင့်မျက်နှာ ရွှေရောင်ဝင်းဝါလို့
ခင့်မေတ္တာ ငွေရောင်သမ်းပါလို့
မှန်းဆကာ ကဗျာတစ်ပုဒ်နဲ့
တမ်းတလို့ ငေး
တရေးရေး ..... ။   ။

ညီစေနိုင်
၁၄၊၅၊၂၀၀၉

မြို့ပြ ရဲ့ ဟာကွက်

ဟောင်နွမ်းနေတဲ့ မြို့တော်ရယ်
တိတ်ဆိတ်နေတဲ့ ရပ်ကွက်တချို့ရယ် ...

လူမမြင်သာတဲ့ ညဈေးတန်းက နေရာလွတ်တစ်ခုနဲ့
ဖြတ်သွားဖြတ်လာ ဘူတာဟောင်းတချို့ပေါ့ ...

ဆွေးမြေ့နေတဲ့ ပလက်ဖောင်းဘေးက ကားမှတ်တိုင်မှာ
မိုးခိုနေတဲ့ ထီးတစ်လက်နဲ့
ကတ္ထီပါလမ်းမှာ အသည်းကွဲနေတဲ့ ဖိနပ်တစ်ရံရယ် ...

မေးမဲ့လူလဲမရှိ ၊ ခေါ်ပြောမဲ့လူလဲမရှိ
တိုင်တည်စရာနတ်ဘုရားကလဲ မရှိနဲ့ ...

ဘယ်သူမှလဲဂရုမစိုက်ဘူးထင်ပါရဲ့
(ရောင်းဈေးသတ်မှတ်ထားတဲ့ အိတ်ကပ်အစုပ်ထဲက ငါ့ကဗျာကိုပေါ့)
ဝယ်လိုက၀ယ်နိုင်သည်
အမြတ်အစွန်းမလို
အရင်းအတိုင်းသာပေးခဲ့ ...

ငါ့ကဗျာအသက်ရှုဖို့
အောက်ဆီဂျင်ဆိုတာ လိုအပ်တယ်လေ ...။ ။

ညီစေနိုင်
၂၂၊ ၃၊ ၂၀၀၉

အကျင့်ဖြစ်နေလို့

မေ့နေရင်လဲ အသိပေးအုံး
လွမ်းတယ်ဆိုတာ မိန်းမဆန်တယ်
သတိရတိုင်း ချီးယားလုပ်ပေးပါ

ဖန်ခွက်ခြင်း ထိခတ်သံဟာ
ဘော်ဒါကြီး ကြိုက်တဲ့ ကော်ဖီမဟုတ်ဘူး

ပါးပါး ပုတ်မယ်ဟေ့ဆိုပြီး
နေ့တိုင်း လိုလို ၀ိုင်းဖြစ်သွားတာက
အကြွေးရောင်းတဲ့ ကိုကြွက်နီ ဆိုင်ကြောင့်

အဲဒီလို နေ့တွေတိုင်း
ကဗျာအကြောင်း ၊ စာအကြောင်း
ရန်ဖြစ်ခဲ့ရတာက
မိုးလင်း ၊ မိုးချူပ်

ဘော်ဒါကြီး
နေညိုချိန်ဆို  .. .. ..  သတိရလိုက်ပါ ။ ။

ညီစေနိင်
၂၈၊၅၊၂၀၀၉ ။

နှိုးစက်

မနက်ခင်းတစ်ခုကို မွေးဖွါးဖို့
သစ္စာ သမာဓိအပြည့်နဲ့
ငါ့ကိုအမြဲတမ်း အချက်ပေးနေတဲ့
ချစ်သူ နိုးစက်လေး ...

ညညအိပ်ယာဝင်ခါနီတိုင်း
ချစ်သူ နိုးစက်လေးကို မှာစရာရှိတာမှာ
ခိုင်းစရာရှိတာခိုင်း၊ ပြောစရာရှိတာပြောပြီး
သူ့ကိုချော့သိပ်ရသေးတယ်...

နေခြည်ဖြာထွက် အလင်းပေါက်တို့
ထိတွေတာနဲ့တပြိုင်နက်
ချစ်သူနိုးစက်က လန့်ဖြတ်ပြီး အသံဗြဲကြီးနဲ့ ထအော်တော့တာပဲ
... ကလင်...ကလင်...ကလင်...ကလင်...နဲ့

သူငယ်ချင်း ထထ မိုးလင်းပြီ
အလုပ်သွားရတော့မယ်တဲ့
အင်း ... ဟင်း ...ဟီး ...

ကျွန်တော် ဘာတတ်နိုင်မှာလဲဗျာ
အဲဒီ မနှစ်မျို့တဲ့ ဘ၀ပေးတာဝန်တွေကိုပေါ့
ပျင်းလွန်းလို့လေ ...

ကျွန်တော် ...
နေသာကျနေပါပြီ ချစ်သူ နိုးစက်လေး ...

မနက်အာရုံ နိုးထချိန်တိုင်း
ချစ်သူရဲ့ ကိုယ်ငွေ့သင်းသင်းလေး
စုပ်ချက်ချက်ပျင်းပျင်း အနမ်းတွေနဲ့
အိမ်မက် လှလှလေးတွေကို
အကြိမ်ပေါင်းမနည်း ရိုက်ချိုးပစ်တာလဲ
ချစ်သူ နိုးစက်လေး ပါပဲ...

ရုံးတက် ၊ ရုံးဆင်ချိန်မှာ
မေတ္တာမပျက်၊ သစ္စာရှိလျှက်
ခရီးဦးကြို ပြုတတ်ကြတဲ့

မီးစိမ်း ၊ မီးနီ မီးပွို င့်တွေရယ်

လက်ယပ်ခေါ်နေတဲ့ ဘတ်စ်ကားတွေ

လေပေါ်မှာလမ်းလျှောက်နေတဲ့ မိုးပျံရထားတွေ

ခေါက်တုံ့ ၊ ခေါက်ပြန် တက်ကစ်စီ တွေရယ်

နိုးစက်ကိုယ်စီနဲ့မနက်ခင်းတစ်ခုကိုမွေးဖွါးနေကြတာလေ

ဒီလိုနဲ့ပဲ ...
၂၄နာရီ တစ်ရက်ဆိုတာကို ကုန်လွန်စေခဲ့တာပေါ့

မကုန်ဆုံးနိုင်တဲ့ .. .. .. .. နှစ်များဆီသို့ ။ ။

ညီစေနိုင်
၂၉၊ ၄၊ ၂၀၀၉ ။

မသိကိန်းအချစ်

နဖူးပေါ်လက်တင် အိပ်မရတဲ့ ညတွေများနေ
မင်းအကြောင်း နေ့တိုင်း ၊ ညတိုင်း
ကိုယ် တွေးရင်း ၊ ဆွေးရင်း
ညညသောက်ခဲ့ရတဲ့ အဆိပ်ရေတွေ
တစ တစ နဲ့ စိတ္တဇဖြစ် ငါ့ရဲ့ သွေးတွေ ...

ငါဟာ ...
တိမ်တိုက်နဲ့ တူတဲ့ ဦးခေါင်းတစ်လုံးပါ ...

ငါဟာ ...
ပြိုမလို နဲ့ ငိုနေတဲ့ မိုးတိမ်တွေကြားက အရိပ်မဲ့တစ်ခုပါ ...

ငါဟာ ...
မြေကြီး နဲ့ ကောင်ကင်ကြားက အရှိမဲ့ ဘ၀ပါ ...

အမှန်ကိုရှာသူအမှားများလေတော့
တစင်အမြဲ အစင်လွဲ ၊ မှားယွင်းခဲ့
ဘ၀မှာ ဘယ်အရာမှ မတည်မြဲဘူး ...

တဒင်္ဂ အကြင်နာတွေ ပါးအပ် ၊ တွဲလက်မဖြုတ် တို့အနမ်းတွေ
ပျော်တဲ့အခါ သက်ဆုံးတိုင် ချစ်လိုက်ကြ
ရင်နင့်ကာကြုံတဲ့အခါ ကြေကွဲကာ ငိုရှိုက်လိုက်
နောက်ဆုံးမှာမလွန်ဆန်နိုင် သေခြင်းရဲ့ အဘိဓမ္မာများ ... ။ ။

ညီစေနိုင်
၂၀၊ ၄ ၊ ၂၀၀၉ ။

မိဘမေတ္တာစမ်းရေပမာ

တကယ်တော့ ဘယ်မိဘမဆို ကိုယ့်သားသမီးတွေအပေါ် အရမ်းသံယောဇဉ်ကြီးကြတာ၊ အားကိုးအားထားလည်း ပြုကြပါတယ်။ ဒါကလည်းကိုယ်ကိုယ်တိုင်မိဘဖြစ်ကာမှ သိကြမှာပါ။ ငယ်စဉ်တောင်ကျေးကလေးဘ၀ကအစ အတူနေထိုင်ခဲ့ကြတဲ့ညီအကိုမောင်နှမတွေ၊ သူငယ်ချင်းတွေတောင်မှ သံယောဇဉ်ကြီးကြမှတော့ အမိဝမ်းနဲ့ ကိုးလလွယ်လို့ဆယ်လဖွားပြီး ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်နဲ့ လူဖြစ်အောင်မွေးပေးခဲ့တဲ့ မိခင်ကတော့ပိုပြီးတော့မေတ္တာသံယောဇဉ်ကြီးမှာပေါ့။ မိဘဆိုတာက သားသမီးတွေအပေါ် ကောင်းကောင်းဆိုးဆိုး အပြစ်မမြင်ခွင့်လွှတ် နှစ်သိမ့်ပေးပြီးသားပါ။ မိဘတွေက ကိုယ့်သားသမီးတိုင်းကို ဆင်စီးပြီးမြင်းရံစေခြင်ကြတာ။ ငါ့သားလေး၊ ငါ့သမီးလေးနဲ့ ပါးစပ်ဖျားကမချတာကိုပဲကြည့်။ အမေတွေရဲ့နှစ်လိုဖွယ် မေတ္တာစကားသံတွေက ချစ်ခင်စရာကောင်းတဲ့ဂရုဏာစကားလေးတွေပါနော်။ ညီတို့၊ ညီမတို့၊ အစ်ကိုတို့တွေလို ရေးခြားမြေခြားမှာ မိဝေးဖဝေးနဲ့ ဘ၀ရပ်တည်ဖို့အတွက် လာရောက်လုပ်ကိုင်နေကြတဲ့သူတွေဆိုလျှင် အမေတွေရဲ့ မေတ္တာစွမ်းပကားက ဘယ်လောက်ကြီးသလဲဆိုတာပိုသိပါလိမ့်မယ်။ အဝေးနေနဲ့ အနီးနေကသံယောဇဉ်ကမတူဘူး။ တစ်အိမ်ထဲမှာအတူတူနေချိန်မှာမသိသာဘူး။ ခရီးဝေးလဲထွက်ခွာရော အဲဒီမှာပဲ အလွမ်းတွေက ဖွေးဖွေးလှုပ်တော့တာပဲ။ အခုလည်းကြည့် မိဘနဲ့သားသမီးအနေဝေးနေတော့ မေတ္တာဓာတ်တွေအပြန်အလှန်ငတ်မွတ်နေချိန်မှာ အမေပြောတဲ့ဖုန်းထဲကစကားအသံတွေကြားတာနဲ့ တပြိုင်နက်ထဲ (အဖေနဲ့တောင် မေတ္တာဓာတ်ကမတူဘူး) နှစ်လုံးသားက ၀မ်းနည်း၊ ၀မ်းသာနဲ့ မျက်ရည်တွေက စိမ့်ထွက်လာတယ် ကြုံဖူးတဲ့သူတိုင်းသိမှာပါ။
အားလုံးကိုတော့မဆိုလိုပါဘူး။ တချို့သားသမီးတွေဆိုရင်မိဘတွေရှိနေတာတောင်မှ မသိကျေးကျွန်ပြုနေကြတာကို အံ့သြလို့မဆုံးဘူး။ မိဘတွေသက်ရှိထင်ရှားရှိနေလျှက်သာနဲ့ ရှိတယ်လို့တောင်မထင်တဲ့သူတွေကို ကျွန်တော်ကိုယ် တိုင်တွေ့ဖူးကြုံးဖူးလို့ ပြောတာပါနော်။ ဒီတော့ ပြည့်စုံတဲ့ မိဘတွေဆိုရင်တော့ထားပါတော့ ၊ မပြည့်စုံတဲ့မိဘတွေဆိုရင် ဘယ်လိုလုပ်မလည်း ဆင်းရဲနွမ်းပါးရတဲ့ကြားထဲ သားသမီးတွေကပါ ပစ်ထားရင် အဲဒီမိဘတွေဘယ်လိုနေမလဲ။ ကိုယ်ချင်းစာနာစိတ်ကလေးတွေတော့ ရှိဦးမှပေါ့။ ကိုယ်လည်းနောင်တချိန်မှာမိဘတွေဖြစ်လာရင်၊ အသက်တွေကြီးပြီးအိုမင်းမစွမ်းဖြစ်နေချိန်မှာ အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံရင်ဘယ်လိုလုပ်မလဲ။ အသက်ကြီးတဲ့လူကြီးတွေက သူတို့ကိုသူတို့တန်ဖိုးမရှိဘူး၊ ဆောင်တွင်းနေနဲ့တူတယ်ပေါ့ အလင်းရောင်တော့ရတယ်၊ ဒါပေမဲ့ နွေးထွေးမှုကိုမပေးနိုင်းဘူးဆိုပြီးတော့ စိတ်အားငယ်နေတတ်ကြတယ်။ လူကြီးမိဘတွေကို နှစ်သိမ့်အားပေးစကားလေတွေပြောပေးပါ အတတ်နိုင်ဆုံး စိတ်မချမ်းမြေ့စရာတွေကို မပြောကြပါနဲ့လို့ သတိပေးချင်ပါတယ်။
ငယ်တုန်းကသား၊ ကြီးတော့အားတဲ့။ ဒါဟာ မိဘတွေကသားသမီးအပေါ် မျှော်လင့်ထားတဲ့ ရည်ရွယ်ချက်စကားလုံးလေးပါ။ ငွေကြေးပြည့်စုံတဲ့မိဘပဲဖြစ်ဖြစ်၊ ငွေကြေမပြည့်စုံတဲ့မိဘပဲဖြစ်ဖြစ် သားသမီးတွေအပေါ် မေတ္တာထားပြီး ချစ်တာခြင်းကတော့အတူတူပါပဲ။ တောင်ဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတာပါ။ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိပါဘူး။ မိဘတွေကအသက်ကြီးလာလေ အားငယ်စိတ်တွေပေါ်လွင်လေပဲ။ တကယ်လို့ ညီငယ်ညီမငယ်တို့ အဖေအမေတို့နဲ့ပြန်ဆုံတဲ့နေ့ကြရင် မိဘတွေရဲ့မျက်နှာကိုသေချာကြည့်ပြီး အကဲခတ်ကြည့်ပါ။ ရီပြနေတဲ့အဖေနဲ့အမေက သူတို့စိတ်ထဲကပါလို့မဟုတ်ပါဘူး သိမ်ငယ်နေတဲ့နှလုံးသားကမျက်ရည်တွေ ဖုံးကွယ်ထားတာကို ဘယ်သားသမီးကမြင်နိုင်မှာလဲ။ (ခံစားရတဲ့အဖေေ တွအမေတွေပဲသိတယ်)။ ညီငယ်၊ ညီမငယ်တို့လည်း ကြုံဖူးမှာပါ။ ရေခြားမြေခြားထွက်ခွာပြီဆိုရင် မိဘနှစ်ပါးကိုရှိခိုးဦးချကန်တော့ကြရတယ်လေ။
ကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးတွေရဲ့အလေ့အထတစ်ခုပေါ့)။အဲဒီလိုကန်တော့နေချိန်မှာ မိဘနှစ်ပါးရဲ့ ဆုတောင်းပေးတဲ့အသံက အက်ကွဲကွဲနဲ့စကားသံ အတိမ်အနက်ကမညီညာတော့ဘူး။ အမေကပိုဆိုးတာပေါ့။ ကိုယ့်သားသမီးလေးတွေနဲ့ ခွဲခွာရမှာဆိုတော့ ရုပ်ပျက်ဆင်းပျက်ငိုတော့တာပေါ့။ အမေငိုတော့သားသမီးကလည်းဘယ်နေနိုင်တော့မှာလည်း။ ငိုတာပေါ့။ (အဲဒီလိုကန်တော့နေချိန်မှာ မငိုရဘူးတဲ့ နိတ်မိတ်မကောင်းလို့တဲ့ ယုံကြည်မှု့လို့ပဲထင်ပါတယ်)။ ဒါဟာ အမေနဲ့သားသမီး မေတ္တာအလွမ်းဓာတ်တွေကို အပြန်အလှန်ပွင့်ထွက်လာကြခြင်းပါပဲ။
ကျွန်တော်ဆိုလိုတာက ကိုယ့်မိဘအကြောင်း ကိုယ်ပဲအသိဆုံးဖြစ်မှာပါ။ အခုလိုမိစုံဖစုံနဲ့ အတူနေထိုင်ရတာဟာ အင်မတန်ကုသိုလ်ထူးတယ်မှတ်ပါ။ ဒီလိုမိသားစုဘ၀မျိုးလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ကြစမ်းပါ။ တကယ်လို့ အနီးကပ်မစောင့်ရှောက်နိုင်ရင်တောင်မှ အဝေးကနေပြီး ငါ့မိဘတွေအဆင်ပြေရဲ့လား၊ ကျန်းကျန်းမာမာရောရှိရဲ့လား၊ နေရထိုင်ရတာရော စိတ်ချမ်းသာရဲ့လား ဘာတို့ညာတို့ အားပေးစကားပြောကြပါ။မိခင်တွေ၊ ဖခင်တွေကို ဥပက္ခာ ပြုမထားကြပါနဲ့။ တတ်နိုင်သလောက် ကူညီပံ့ပိုးပေးကြပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။
အခုနေရထိုင်ရတဲ့လူဘ၀ကတိုတိုလေးရယ် ဘယ်နေ့ဘယ်အချိန်မှာ ခွဲခွါရမယ်ဆိုတာ ဘယ်သူမှသိတာ မဟုတ်ဘူးရယ်။ တချို့လူတွေကရှိသေးတယ် တမလွန်ဘ၀ရောက်နေပြီဆိုမှဖြင့် ငါ့အဖေ၊ ငါ့အမေ၊ ငါ့အဖိုး၊ ငါ့အဖွားအတွက်ဆိုပြီးတော့ ထမင်းရေချောင်းစီး မောင်းတီးပြတဲ့အလှူ အတန်းကြီးတွေလုပ်ကြတယ်။ သက်ရှိထင်ရှားရှိနေတုန်းကတော့ နေ့ရွေ့ညရွေ့နဲ့ မသေခင်လေးများ ကိုယ်လုပ်လို့ရတဲ့ လုပ်အားခလေးနဲ့ တတ်နိုင်သလောက် မွေးကျေးဇူးးတွေကိုဆပ်နိုင်အောင်ကြိုးစားကြပါ။ ကြွေးဟောင်းတွေကို ကြေပွန်အောင်ထမ်းဆောင်နိုင်တဲ့ သားသမီးရတနာကောင်းတွေ ဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ အနန္တော အနန္ဒငါးပါးထဲက မမေ့မလျော့အပ်တဲ့သူတွေထဲမှာ ပါတယ်နော်။ မိဘတွေကရေပြတ် (ငွေ)ရင်းလည်းအနေ ခက်တယ်ဆိုတာလဲမမေ့နဲ့အုံး (အဲဒါကိုယ်တွေ့ပဲ)။ ဘယ်မိဘမဆို သားသမီးတွေကို အားကိုးကြတယ်။ သူတို့အိုမင်းမစွမ်းဖြစ်လာချိန်မှာ ဘယ်သားသမီးကများ တို့ကိုပြုစုစောင့်ရှောက်မှာပါ့မလဲဆိုတာကို မျှော်လင့်နေကြတာအမှန်ပဲ။ ဥပမာပြောရလျှင်တော့ မိသားစုတစ်ခုမှာ မွေးချင်း၃ယောက်ရှိတယ်။ ယောင်္ကျားလေးတွေချည်းပဲ ဆိုပါတော့။ ယောင်္ကျားလေးတွေချည်းပဲ မွေးထားတော့ ဖခင်အတွက်အဖေါ်ရပေမဲ့ မိခင်အတွက်တော့ နောက်ဖေးမီးဖိုချောင်မှာ ကူညီဖို့ အဖေါ်ပါမလားဘူပေါ့။ မိဘတွေက အဦးဆုံးသားကြီးကို ပထမဆုံး မျှော်တလင့်လင့်နဲ့ အားကိုးပြီးစောင့်ကြည့်တယ်။ ဒါပေမဲ့ထင်တဲ့အတိုင်းဖြစ်မလာဘူး။ အိမ်ထောင်သာကျသွားတယ် မိဘအပေါ်မသိတတ်ဘူး။ မိဘကတော့ အပြုံးမပျက်ပါးဘူး ၀မ်းနဲ့ လွယ်မွေးထားရတဲ့ သားဆိုတော့ ချစ်တာကို သားသမီးကသာ မသိတာပါနော်။ နောက်ထပ် သားလတ်တစ်ယောက်ရှိသေးတယ် ဆက်လက်မျှော်လင့်ခဲ့တယ်။ ဘယ်မလဲအားကိုးလောက်စရာ။ စလုပ်ကတည်းက အမှားမှားအယွင်းယွင်းနဲ့ အကြီးကောင်လမ်းကြောင်းထက်တောင်ပိုဆိုးနေလို့ အဲဒါနဲ့ပဲ နောက်ထပ် အငယ်ဆုံးသားလေးကို အားကိုးဖို့ ရည်ညွှန်းရတော့တယ်။
အင်း......အခုမှပဲစိတ်အေးရတော့တယ်တဲ့ အငယ်ဆုံးသားကလေးက မိဘအပေါ်သိတတ်ပြီး လိမ္မာရေးခြားရှိလို့ အသောက်အစားကလည်းကင်းတော့ မသေခင်လေးသေလမ်းဖြောင့်တော့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်လို့လဲရတယ်၊ တရားဓမ္မတွေနဲ့ ပျော်မွေ့ပြီး စိတ်ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန်ကိုရည်စူး၍ လားရာဂတိဆီသို့ အေးချမ်းစွာပြန်လို့ရတာပေါ့။ မိဘတွေက ကိုယ့်သားသမီးတွေအပေါ်ကို အားကိုးတတ်ကြတယ်။ မျှော်လင့်တတ်ကြတယ်။ နောက်ဆုံး ဘယ်လိုမှ မျှော်လင့်ချက်မရှိတော့မှသာ ခြေကုန်လက်ပမ်းကျပြီး စိတ်ဓာတ်ပါမှေးမှိန်သွားပါတော့တယ်။ ကိုယ့်မိဘတွေကိုသတိရကြပါ။ မမေ့မလျော့ကြပါနဲ့။ အိုမင်းရင့်ရော်လေ ဒုက္ခရောက်လေပဲ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ဂရုစိုက်ကြပါ။ မိခင်၊ ဖခင်တွေအတွက် မေတ္တာရှေ့ထားပြီး စေတနာသဒ္ဒါအားကြီးမားစွာဖြင့် ရှေးရှုးပြီး ကုသိုလ်ကောင်းမှု့ ယူနိုင်ကြပါစေလို့ ဆုတောင်ပေးအပ်ပါသည်။ ။
ညီစေနိုင် (၁-၅-၀၉)

စတင်ခြင်း

စတင်လိုက်ပါတယ်

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~