အို ..... အဖ

အို .... အဖ

မှိုင်းသခင်ကိုယ်တော်ကြီးက
အောင်ဆန်းတို့ဇီဝိန်ချွေတော့
လူကိုခွေးကိုက်သွာတာ
အထိနာလှတယ် ရယ်လို့
ဂရုနာဒေါသ ပေါက်ကွဲလို့ရယ်။

တို့ဗမာပြည်အနာဂတ်အရေး
အားကိုးလောက်ပေရဲ့
ဗိုလ်အောင်ဆန်းနှင့် အာဇါနည်တွေရယ်
လွတ်လပ်ရေးတိုက်ပွဲ အောင်ပြီးခါမှ
ဒေါင်းအလံအုပ်ကာ မျက်ကွယ်ပြုပါလို့
အာဇါနည်ဂူဗိမာန်သို့ မြန်းရရှာလေတယ်။

သတ္တိ ဗျတ္တိ တွေနဲ့
စွမ်းစွမ်းတမာန်
တို့မြန်မာနိင်ငံ အလံတော်ကို
လွင့်ထူခဲ့သည့်
ရဲဘော်သုံးကျိပ်နှင့်အာဇါနည်တွေ
ကိုယ်ကျိုးမငဲ့ အများအကျိုးသယ်ပိုးလို့ရယ်
ညဏ်အမျော်အမြင်လဲ ကြီးလှပါပေတယ်။

ဗိုလ်ချူပ် စိတ်ဓာတ်
ငါတို့လေးစား
ပြည်သူချစ်စိတ် ၊ နိင်ငံချစ်စိတ်ရှေးရှုးလို့ရယ်
နယ်ချဲ့ခွေးသယမ်း လက်ပါးစေအောက်
လွတ်မြှောက်ဖို့ရာ
ရရာလက်နက်ဆွဲကိုင်လျှက်
ရဲဘော်မသေ ၊ သေသော်ငရဲမလာ ဟစ်ကြွေးလို့ရယ်
ရှေ့တန်းတိုက်ပွဲ ဆင်နွဲခဲ့တယ်။

ဗိုလ်ချူပ်အောင်ဆန်း၏
ညဏ်ပညာရဲ့ အတွေးအခေါ်
မြင့်မြတ်တဲ့ စိတ်ထား
ရိုးသားတဲ့ကိုယ်ကျင့်တရား
ပွင့်လင်းတဲ့သူ့စကားတွေကြောင့်
ယနေ့ထိအောင်
တအုံနွေနွေနဲ့
ကမ္ဘာ က မမေ့
ပြည်သူကလဲမမေ့ တဲ့
ဗိုလ်ချူပ်တို့ဖခင် ။ ။

ညီစေနိင်
20၊5၊2209 ။ ။

အို ..... အမိ

အို...အမိ

''စုကြည်'' ''စုကြည်'' အောင်ဆန်းစုကြည်
ဖခင်ဗိုလ်ချူပ် အောင်ဆန်းရဲ့သမီး
“ ငြိမ်းချမ်းရေးနိုလ်ဗယ်ဆုရှင် အောင်ဆန်းစုကြည် ’’
မိန်းမဇါနည် အာဇါနည်ဖွါး
ဖခင်ခြေရာဆွဲဆန်ခဲ့သူ။

''လွတ်လပ်ပါပြီတဲ့ တို့မြန်မာပြည် ကြီး''
''တိုးတက်ပါပြီတဲ့ တို့မြန်မာပြည် ကြီး''
ကြွေးကြော်နေတဲ့ စစ်အစိုးရတွေ
ကိုယ့်နိင်ငံ ၊ ကိုယ့်လူမျိုး
အောက်ကျ နောက်ကျဖြစ်နေတာကို
သူတို့တွေမမြင် အလေးမထား
ကမ္ဘာ တ၀ှမ်းဝယ် မျက်နာငယ်ရရှာလေတဲ့
တို့မြန်မာလူမျိုးများ ။

အောင်ဆန်းဇါနည် သာကီနွယ်ဘွား
ဒေါ်စုကြည်က
နိင်ငံဖွဲ့ဖြိုး တိုးတက်စေရေး
ခောတ်သစ် စနစ်သစ်ပြောင်းလဲပစ်ရန်
NLDပါတီသစ်ကိုဖွဲ့စည်းခဲ့။

နိင်ငံချစ်စိတ် ၊ မျိုးချစ်စိတ်နဲ့
ကျောသားရင်သားမခွဲခြားပဲ
အသက်ကိုလဲပဓာနမထား
ကိုယ်ကျိုးကိုစွန့်
အများအကျိုးကိုရှာ
သားသမီးနဲ့လင်ကိုခွဲခွါ
မြန်မာပြည်ကြီးကောင်းစားဖို့အရေး
ဒီမိုကရေစီတိုက်ပွဲတွေကိုဆင်နွဲ လို့နေ။

..........................................
...........................................

အောင်စေ ၊အောင်ကြောင်း
အောင်မောင်းထုပြီး
အောင်စုချွေကာ
အောင်ဆန်းစုကြည် နိုင်ပါစေ
အောင်ပန်းတွေကတ ဝေ ဝေ ......။ ။

ညီစေနိင်
21 ၊ 5 ၊ 2009 ။ ။

စိတ်အမာရွတ်

ဟိုတချိန်က .....
ဒီကွင်ပြင်ကြီးမှာ
လေပြေတွေနဲ့အတူ ဆော့ကစားခဲ့ဘူးတဲ့
ကျွန်တော်ချစ်သူ
သူချစ်တဲ့……သူနဲ့ပေါ့ ။

အဲဒီတုန်က
မွှေးပြန့်နေတဲ့ ပန်းရနံ့တွေ
လေညှင်းတွေကြားမှာ ယိမ်းနွဲ့နေတဲ့
နှစ်ကိုယ်ကြား ချစ်စကားသံ တိုးတိုးလေးတွေနဲ့
ရင်ခုန်မှု့မပါပဲ
အတ္တနဲ့အတူလွင့်စင်သွားခဲ့တဲ့ မာနသံတွေ……….။

အခုတော့…
လေတိုက်တိုင်း ယိမ်းနွဲ့တတ်တဲ့
အဲဒီ စိတ်ရိုင်းတွေကို
အမာရွတ်မကျန်ခင် ဆေးတစက် ရဲ့ကုစားမှု့ကြောင့်
ဒီကွင်ပြင်ကြီးမှာပဲ ကြွေလွင့်သွားခဲ့တာ
ကြာခဲ့ပါပြီးလေ……………..။

ညီစေနိင်
၁၁၊၉၊၂၀၀၉ ။

ခန္ဓာ နိဂုံး

တဒင်္ဂ လူ့ဘ၀၀ယ်
ဖြစ်ခဲ့ရ ဒီတစ်ကြိမ်
ပျက်ခဲ့ရ ဤခန္ဓာ
ထိုထို ဘ၀၌
အစရှိခဲ့လျှင် အဆုံးဆိုတာရှိကြမြဲမို့ ။

ထို့နောက်တဖန်
သေခြာပြန်ကြည့် သတိတရားနှင့်ယှဉ် ။
ဘ၀ဆိုတာ
အစနဲ့အဆုံး
ဘယ်မှာမသိ ရှိနေနှင့်ခဲ့ ။

အလယ်ဘဝ
အို .... ဒုက္ခ၀ဋ်ခံခဲ့ကြရ
လူ့ဘ၀ ဓမ္မရာ ။

လာတော့လည်း တစ်ယောက်တည် ။
ပြန်တော့လည်း တစ်ယောက်တည် ။

လူဆိုတာက
အချွေးအရံ ၊ အဖော်အသင်း
အဆွေခင်ပွန်း ရှိခဲ့ကြ ။

လူ့သဘာဝ ၊ လူတွေသဘောက
ပြောရန်ခက်လှပါဘိ
မခေါ်ပဲနဲ့လည်း လာပြီး
မနှင်ပဲနဲ့လည်း အပြီးပြန်သွားတတ်၏ ။

ပစ္စည်း သင်္ခါရ ၊ လူ သင်္ခါရ
စွဲညိသည့် တဏှာပေမ
ဖောက်ပြန်တတ်သည့် သဘော
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ပါပေတကား
ထိုအကြောင်းကြောင့်
နတ္ထိ ဖြစ်ကုန်သည် ။

ညီစေနိင်
၁၇၊၆၊၂၀၀၉ ။

အသည်းကွဲ ကော်ဖီ

ငါ့ကဗျာ ကျဆုံးတဲ့နေ့က
ကော်ဖီတစ်ခွက်ကို နှစ်ယောက်အတူ ခွဲသောက်ခဲ့တယ်
တိုက်ဆိုင်လို့ထင်ပါတယ်...

 
အဲဒီ ညကပဲ
ငါ့ကဗျာ အသည်းကွဲ ခဲ့တယ်...

မီးပျက်တဲ့ လမိုက်ညမှာ
ချစ်သူခြေရာကို ရှာမတွေ့ခဲ့ဘူး ...

ဂရောက်ဂယက်နဲ့ မှောက်လျှက်အိပ်စဉ်
လမင်း က မသာ ၊ မိုးကရွာနဲ့
ငါ့ကဗျာ လုံခြုံမှု့မှ ရှိပါ့မလား ...

အတွေးစိတ်တွေ ယိုဖိတ်ကာ
ဒီလောက် ကွဲတဲ့အသည်းကို ပြန်ဆက်ချင်သေးတယ်
ကော်ဖီရနံ့ကတော့ သင်းနေတုန်း...

ဘယ်တော့မှ မေ့လို့မရတဲ့
အဲဒီ
ကော်ဖီခါးခါး .... တစ်စက် ။ ။

ညီစေနိင်
21၊5၊2009။ ။

နတ္ထိ စိတ်

"စိတ်" သည် "ညဏ်"ပညာ ရဲ့
တန်ခိုးရှင် ...

ဟိုချင် ဒီချင် နဲ့
ယဉ်ကျေးမှု့မပါတဲ့ သည် စိတ်
နွေးထွေးမှု့ကို မျက်နှာသာမပေးဘူး ...

ဒီ စိတ် က
ဝင်သက် ၊ ထွက်သက် ရှုသံတွေကိုလဲ
ရောထွေးပစ်တယ် ...

မျက်စိမရှိတဲ့ သည် စိတ် ...
အသံမမြည်တဲ့ သည် စိတ် ...

အဲဒီ စိတ် က
အရာရာကို စိုးမိုးစေတယ် ...

ငါသည် စိတ် ရဲ့ ပိုင်ဆိုင်မှု့
အသက်ရှင်ခြင်းလား ...

ငါသည် ကိုယ်ခန္ဓာ ရဲ့ ပိုင်ဆိုင်မှု့
အသက်ရှင်ခြင်းလား ...

စိတ် နဲ့ ညဏ်ပညာ က
အာရုံတစ်ခုထဲမှာ ရပ်တည်နေတာလား ...

ငါ့ ကိုယ် ငါ
ဝေခွဲလို့မရဖြစ်နေတာက
ကြိတ်မနိုင် ခဲမရ ... ။ ။

ညီစေနိုင်
၉၊၆၊၂၀၀၉ ။

တိုင်တည်ခြင်း

ဟောဒီ နေရာပေါ့
ကြယ် မမြင်နိုင် ၊ လ မမြင်နိုင် နဲ့
နေထွက်ချိန် ၊ နေ၀င်ချိန် ဆိုတာလဲ
အတူတူပဲ ... ။

နေ့ နဲ့ ည ကလည်း
တထပ်ထဲရယ် ... ။

အဲဒီလို
ရမ္မက် လောင်အိမ်ထဲကနေ
လွတ်မြှောက်ဖို့ရာ
အတ္တမဲ့ အလင်းရောင် အပေါက်ငယ်ထဲ
ခုန် ခုန်ဆင်းပြီး
ည ရဲ့
အောက်ဆီဂျင်ကို ခိုးခိုး ရှုနေရတယ် .... သခင် ။



အချိန် က နရီစည်းချက်မှန်ပေမဲ့
အလုပ်အကျွေး ရဲ့ ကျိန်စာတွေက
ငါ့ အပေါ်သက်ညှာမှု့ မရှိတော့
နှစ်စဉ်နှစ်တိုင်း
မိုးမလင်းခင် ၊ မိုးချူပ် တဲ့ထိ
အလုပ်နဲ့လက်ကမပြတ်စတမ်း
အဲဒါ ငါ့အလုပ်ပဲ .... သခင် ။



ငါတစ်ယောက်ထဲလည်း မဟုတ်
လူ တော်တော်များများပေါ့
ကိုယ့်အလုပ် ကိုယ်စီနဲ့
ကျားကုပ် ၊ ကျားခဲ
ဘ၀အားမခံချက်မလို
ကိုယ့်အထုပ် ကိုယ်ဖြည့်ဖို့
ဝမ်းစားအကျိုး မျှော်ကိုးနေကြလေရဲ့ .... သခင် ။



သေမင်း နဲ့ငါ ကြားမှာတော့
အလျှော်အစား မရှိဘူး .... သခင် ။



ညီစေနိုင်
၉၊၆၊၂၀၀၉ ။


မိသားစု ထမင်းဝိုင်း

မြန့်မာ့ထမင်း ၊ မြန့်မာ့ဟင်းက
ငါးပိရည်ကျို ၊ ချင်ပေါင်ဟင်းနှင့်
အတို့ ၊ အမြှပ် စုံလင်သလေ
ထို့ထက်ပိုကောင်း
ငါးပိထောင်းက
လျှခင်ကိုထိ အရသာရှိ၏  ။

မိုးမျှော်ငရုတ်သီး
ပုဇွန်းလုံးငယ် နှင့် ဖားပေါင်စင်း
ကဇွန်းရွက်ကယ် ရေလုံပြုပ်ပါလို့
ရောစပ်လို့မွှေ ။

ဟင်းငွေ့ရယ်တဲ့
တထောင်းထောင်း
သားသမီးတွေက တဗြိုန်းဗြိုန်း
ဦးမပြူ တအားသာ လွေးတော့သည်
မြိန်ရေ ယှက်ရေ ရယ်တဲ့မှ
အိုကွယ် ...
ပျော်သလေလေ ။

ရေခြား ၊ မြေခြား
နေရာတစ်ခုမှာ
ခြေဆန့်လို့ ငါရောက်လာ
(မိသားစု စားဝတ်နေရေး အတွက် ...)
မြိန်ရာ ဟင်းကောင်း
တစ်ခွက်ကောင်းနဲ့
တို့မိသားစု ထမင်းဝိုင်းကို
အိမ်ပြန်တနေ့ ငါရောက်တော့မှ
လက်ရေတပြင်တည် စားကြတာပေါ့  ။ ။

ညီစေနိုင်
၉၊၆၊၂၀၀၉ ။

လွဲချော်ခြင်းတချို့

အတ္တနဲ့တည်ဆောက်ထားတဲ့
စကားလုံး မိုင်းတွေကို ငါမုန်းတယ်

အမိန့် ပေးခြင်းကို  ငါလက်မခံ
ဆွေးနွေးခြင်းသည်  ရန်ဖြစ်ခြင်းမဟုတ

စကားလုံးကြီးတွေနဲ့  ပစ်ပေါက်သူကို
ဘယ်လိုအပြစ်ပေးမလ

လူ့ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့
ဥပဒေကိုမပြဌာန်းပါနဲ့
အားလုံးက  လွတ်လပ်မှု့ကို  ပိုကြိုက်တယ

ခါးသက်သက်အတွေး  အခေါ်တွေကြောင့်
သွေးကြောများရပ်တန့်စေခ

ပေါ့ပျက်ပျက်  သံစဉ်တွေက
ငါ့စိတ်ကိုနာကျင်စေတယ်

သွေးညစ်နေလား
သွေးသစ်လှယ်လိုက်ပါ

အမှားလား ၊ အမှန်လား
အတုလား ၊ အစစ်လား
ခွဲခြားလို့မရ

အခြေခံမပါတဲ့မူကြမ်းရေးဆွဲနေလဲ
ဘာအဓိပ္ပယ်ရှိမှာလဲ

အစိမ်းသက်သက်ငါ့မှာတော့ဖြင့်
အချိန်တွေသာကုန်လို့  ။ ။

ညီစေနိုင်
2၊6၊2009

မိဖြူ နဲ့ ဖိုးညို

ကျမ တို့ - အိမ်မှာ မွေးစားထားတဲ့ ''ကြောင်'' နှစ်ကောင်ရှိတယ်။ မွေးစားတယ်ဆိုယ်ပြီးတော့ မွေးတာတော့မဟုတ်ပါဘူး။


ဒီလိုပါပဲ ရပ်ကွက်ထဲက ''ကြောင်ကလေး'' တွေပါ။ ကျမတို့ ရပ်ကွက်က''ကြောင်မြို့တော်'' လို့ပြောလို့လဲရပါတယ်။ အိမ်တိုင်း လိုလိုကို ရှိကြတာပါ။

ပေမဲ့ တကူးတက ဝ
ခေတ်ကိုက တဖြေးဖြေးနဲ့ တိရစ္ဆာန်တွေကို တရားဝင် မွေးမြူကြတာဆိုတော့ ရပ်ကွက်ထဲက အိမ်တွေကလည်း သိတဲ့အတိုင်းပဲ တစ်ယောက်ကများ ရှေ့ကလုပ်ပြရင် နောက်ကနေလိုက်လုပ်တတ်တာတော့ ကျမတို့ မြန်မာလူမျိုးတွေရဲ့ အကျင့်တခုပါပဲ။ ရပ်ကွက်ထဲမှာလေ ကြွားစရာမရှိ ကိုယ်မွေးထားတဲ့ ''ကြောင်လေး'' တွေရဲ့အကြောင်းတွေကို လိုက်ပြီးကြွားနေကြတာ ''ဟို ဘက်ခြံက ''ကြောင်ကလေး'' က နိင်ငံခြားက အဖိုးကြီးပြန်လာတော့ ပါလာတာတဲ့ ဖွေးဖွေး တုပ်တုပ်ကလေး နိုင်ငံခြားရုပ်ပေါက်နေတယ် တဲ့ '' အထီလား ၊ အမလား'' လို့မေးလာတဲ့သူကရှိသေးတယ်။


သေချာတာကတော့ မဟုတ်မှလွဲရော နိင်ငံခြား ''ကြောင်ကလေး'' နဲ့အမျိုးတော်ချင်ပြီနဲ့တူတယ်။ လူတွေကခက်တယ်။ ပိုက်ဆံရှိတဲ့အသိုင်းအ၀ိုင်းကမွေးထားတဲ့ ''ကြောင်'' ကျတော့ မျိုးကောင်း ၊မျိုးသန့်တဲ့ ဆင်းရဲတဲ့အိမ်ကမွေးထာတဲ့ ''ကြောင်'' ကျတော့ အထင်သေးအမြင်သေးနဲ့ မှိုချိုး၊ မျှစ်ချိုးပြောကြတယ်။ အဆင့်အတန်း မရှိဘူး ၊ ရောဂါတွေ ကူးလိမ့်မယ် အိမ်ကိုအလာမခံနဲ့ ရောက်လာလို့ရှိရင်လဲ အဲဒီနေရာကို ပိုးသတ်ဆေးနဲ့ ဖြန်းရမယ်။ လူတွင်မကဘူးနော် ''ကြောင်'' တွေမှာတောင်မှ ဂုဏ်အဆင့်အတန်းတွေနဲ့ ဒါဟာ လူတွေက ဖန်တီတဲ့ သဘာဝအဆင့်အတန်းဂုဏ်ဒြပ်တစ်ခုလို့ပဲ ယူဆကြပါဆို့။ ''ကြောင်'' တွေကတော့ဘယ်သိပါ့မလဲနော်။ သူတို့သဘာဝ မြင်တာ ၊ တွေ့တာနဲ့ တပြိုင်ထဲ တကောင်နဲ့တကောင် ဖင်ပုပ် ခေါင်းပုပ် အမှီပုပ်နဲ့ ဆော့ကစားဖို့လောက်ပဲ သိတာ မြင်တာရယ်။ နိင်ငံခြားကလာတဲ့''ကြောင်'' မို့လို့ ၊ ဆင်းရဲတဲ့ ''ကြောင်'' မို့လို့ရုပ်ဆိုးတဲ့ ကြောင် မို့လို့ဆိုပြီ အဆင့်အတန်းတွေ ဂုဏ်တွေကိုခွဲခြားတာမှတ်လို့။ လူတွေကသာ အတ္တ ၊ မာန တွေနဲ့ ပကာသနချဲ့ထွင်နေကြတာပါ။


အခုကျမ တို့အိမ်က ''ကြောင်''နှစ်ကောင်ရဲ့အကြောင်းလေးတွေကို ပြောချင်လို့ စကားခွန်းတောက်လိုက်တာပါ။ ဒီလိုပါ ... အိမ်က''ကြောင်'' နှစ်ကောင်က တကယ်တော့ သူတို့တွေဟာ အမေ တဦးထဲက ပေါက်ဖွါးလာတာမဟုတ်ပါဘူး ။ ဒါပေမဲ့ ကျမတို့အိမ်ကမွေးစားထားတာဆိုတော့ မောင်နှမတွေပေါ့။ အကြီးမ က ပထမဆုံး အိမ်ကိုရောက်လာပါတယ်။ သူရောက်လာရတဲ့ အကြောင်းအရင်းကတော့ ကျမတို့ခြံထဲမှာ ကြွက်လာလာပြီးချောင်းတယ်။ သူချောင်း တဲ့ပုံစံက ရီချင်စရာ ကြွက်ကိုချောင်းနေရင်းနဲ့ အိပ်ပျော် သွားတတ်တယ်။ ကျမ တို့တအိမ်လုံးကလဲ သူ့ကိုကြည့်ကြည့်ပြီး ဟာသလုပ်နေကြရတာ။ တရက်လဲမဟုတ် ၊ နှစ်ရက်လဲမဟုတ် ကြာတော့လဲ သနာလာတာနဲ့ သူ့ကို ထမင်းကျန်ဟင်းကျန်လေးတွေကို ကျွေးလိုက်တယ်။ ဒီ ''ကြောင်''က ကြောင်ပါး ရယ်။ နောက်နေ့ကြတော့ ကြွက်ကိုတောင် မကုပ်တော့ဘူး ။ အိမ်ကကျွေးမဲ့ ထမင်းကိုဇိမ်ကျကျနဲ့ အိပ်စောင့်လို့နေတော့တယ်။ ဒီလိုနဲ့ ကျွေးရင်းကျွေးရင်းနဲ့ သံယောဇဉ်ရှိလာတယ်။ မောင်းထုတ်တော့လဲ ပေကပ်ကပ်နဲ့ မသွားဘူး။ သူ့ကြည့်ရတာ တနေ့တာဝမ်းစာရှာစားရတာ မလွယ် ကူးဘူးနဲ့တူပါတယ်။ အိမ်က အဖေ အမေ တွေကလဲ ပြောကြတယ်။ နေပါစေကွာ သူ့မှာလဲရပ်ကွက်ထဲကြောင်တွေကများလာတော့ မှီခိုစရာမရှိဘူးနဲ့တူပါတယ်။ သတ္တ၀ါဆိုတာက လူကျွေးမှစားရတာပါ သနားပါတယ်မပြန်လို့ရှိရင်လဲမွေးထားလိုက်ကွာ။
ဒါနဲ့ ကျမလဲ သူ့ကို အိမ်ထဲခေါ်လာပြီး ရေချိုးသန့်စင်ပေးလိုက်တယ်။ ရေချိုးပြီးမှ ကြောင်မက ပိုချောလာတယ်။ အမွှေးကဖြူဖြူနဲ့ ကိုယ်လုံးလေးကလဲဝကစ်ကစ်ဆိုတော့တအိမ်လုံးရဲ့ ချစ်စရာသမီးကလေးဖြစ်လာပါတော့တယ်။ အဲဒီမှာတင်ပဲ နာမည်ပါတခါတည်းပေးလိုက်ကြတယ်။ "မိဖြူ" ဆိုပြီးတော့ ။ နောက်တနေ့ မနက် ကျမ မြို့ထဲသွားပြီး မိဖြူအတွက်လည်စီးပတ် အနီရောင်လေးဝယ်ခဲ့လိုက်တယ်။ သူများနဲ့တန်းတူနေနိင်အောင် ၊ မျက်နာမငယ်ရအောင်လို့လေ။ အခုဆိုရင် မိဖြူမှာ အိမ်နဲ့ယာနဲ့ ပါမစ်ရတဲ့ ကြောင်တကောင်ဖြစ်သွားပါပြီ။


အခုတော့ မိဖြူတစ်ကောင်ရပ်ကွက်ထဲမှာ ကြောင်ပျိုတွေကြိုက်တဲ့ အလှပန်းတပွင့်ဖြစ်လို့နေပါပြီ။ ရပ်ကွက်ထဲမှာလဲ ဟို လျှောက်သွား ဒီလျှောက်သွားနဲ့ စားချိန်တောင်မှလိုက်ခေါ်နေရတယ်။ ဖမ်းလို့ကိုမမိနိင်တဲ့ကြောင်ပျိုမလေး မိဖြူ ။ တော်သေးတာပေါ့ ည ည ကြရင် အိမ်ပြန်အိပ်လို့။ နို့မို့ရင် မပြောလိုက်ချင်ဘူး။ ရပ်ကွက်ထဲမှာလည်း ကြောင်သူခိုး တွေကအများကြီးရယ်။ ချောတဲ့ လှတဲ့ ကြောင်တွေကိုမှရွေးပြီးခိုးတာနော်။ သူခိုးတွေက အဲဒီ ကြောင် တွေကို ဆိုင်ပြန်ရောင်းကြသတဲ့။ အဲဒီတော့ ကြောင်သူခိုးရန်တွေကိုလဲကြောက်နေရတယ်လေ။


ပြောသာပြောရတာပါ။ မိဖြူကငယ်ပါသေးတယ်။ သူလဲအပေါင်းအသင်းတွေနဲ့နေချင်မှာပေါ့။ အခုလို အိမ်မှာနေရတာထက် စာရင် အပြင်ကပိုပြီးတော့လွတ်လပ်တာပေါ့။ မိဖြူပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်ချုပ်ချယ်မှု့ကိုတော့ ကျမတို့ တအိမ်လုံးက မကြိုက်ကြဘူး။ ဘယ်သားသမီးပဲဖြစ်ဖြစ် လွတ်လပ်မှု့ကို ရှေ့တန်းတင်ကြပါတယ်။


အဲဒီလိုနဲ့ နှစ်လလောက်ကြာတော့ မိဖြူမှာ မောင်လေးတစ်ယောက်တိုးလာခဲ့တယ်။ အဲဒါကတော့ ဖိုးညိုလို့ခေါ်တဲ့ ကြောင်ကလေးပေါ့။ ဖိုးညိုကိုအိမ်ပေါ်ရောက်အောင်ခေါ်လာတာကတော့ ကျမအဖေပဲဖြစ်ပါတယ်။


အဖေ ရုံး ကအပြန် ကားလမ်းပေါ်မှာ အော်ငိုနေတာတွေ့တာနဲ့ခေါ်လာတာပါ။ ကြောင် ချစ်တတ်တဲ့ ကျမအဖေက ကြောင်ကိုမြင်ရင် ရပ်ကြည့်မနေတတ်ပါဘူး။ ဒါကြောင့်မို့ ငိုနေတဲ့ကြောင်ကလေးကို သနားတာနဲ့အိမ်ခေါ်လာတာပါ။ ဒီကလေးကို အဖေမှခေါ်မလာရင်လဲ အခုလောက်ဆို ကားတိုက်ရင်တိုက် ဒါမှမဟုတ်ရင်ရေမြောင်းထဲ ကျပြီး သေနေလောက်ပါပြီ။ အဖေကလဲ တိရစ္ဆာန်တွေဆို သိပ့်ချစ်တာရယ် သနားတာလဲပါတယ်။ အခုတော့အိမ်မှာ မိဖြူနဲ့ဖိုးညို တို့နှစ်ယောက် အဖော်ရလို့ မိဖြူဆိုရင်ရပ်ကွက်ထဲတောင် သွားမလည်တော့ဘူး။ အခုမှပဲ ခြေညိမ်သွားတော့တယ် နို့မို့ဆိုမလွယ်ဘူး။ စိတ်ပူရတယ် အမောပဲ။ သူတို့နှစ်ယောက်က အခုမှတွေကြတာဆိုပေမဲ့ တကောင်နဲ့တကောင်က ချစ်ချစ်ခင်ခင် ၊ သင့်သင့်မြတ်မြတ်ရှိကြတယ်။ ဒီလောက်ကြီးထိအောင် ထိမ်းသိမ်းစောင့်ရှောက်စရာမလိုဘူးရယ်။ သူတို့မောင်နှမကရပ်ကွက်ထဲသွားလဲအတူတူပဲ မိဖြူကတော့ဆရာမကြီးပေါ့။ ဒီရပ်ကွက်မှာက သူ့ကိုမသိတဲ့သူက ခပ်ရှားရှားရယ်။ မောင်ဖိုးညိုကတော့နောက်လိုက်တော်ပေါ့။ အခုမှ ရောက်လာတာဆိုတော့ နယ်မြေသစ်မှာ တစိမ်းဆန်နေတာပေါ့။ သူအမ မိဖြူကတော့ လမ်းမှာတွေ့သမျှ ကြောင်တွေနဲ့ အရောတ၀င် နေတတ်တယ်။ သူနဲ့မသိတဲ့ ကြောင် မရှိဘူးရယ်။ ရုပ်ရည်ကလေးကလဲချော ၊ အမှုအရာကလေးကလဲကောင်း၊ ပဲကလဲများဆိုတော့ ကြိုက်တဲ့သူကလည်းပေါမှပေါ။


တနေ့မောင်ဖိုးညို ရပ်ကွက်ထဲကိုသူအမ မိဖြူမပါပဲထွက်သွားလိုက်တာ ညနေစောင်းမှ အိမ်ကိုပြန်ရောက်လာတော့တယ်။ သူ့အမကတော့ဖြင့် ဖိုးညိုပျောက်လို့ တညောင်ညောင်နဲ့မတွေ့မချင်းကို လိုက်ရှာနေတာ။ လာမဲ့လာတော့လဲ ကြည့်အုံး လက်မှာဒဏ်ရာတွေနဲ့ ရပ်ကွက်ထဲသွားပြီကြောင်ပျိုမလေးတွေကို သွားရှိတ်တယ်နဲ့တူပါတယ်။ အဲဒါကြောင့် ဟိုကအကောင်တွေက ၀ိုင်းကိုက်လွတ်လိုက်တာနဲ့တူတယ်။ မောင်ဖိုးညို ခင်မျာ ခြေတုန်လက်တုန်နဲ့ သူ့ခင်မျာ ကြောက်လန့်နေတာ။ မောင်ဖိုးညိုကလဲ …မောင်ဖိုးညိုပဲ ပုံစံလဲကြည့်ပါအုံး ပြောလဲပြောချင်စရာပဲ ကိုယ်လုံးက ပိန်ပိန် ၊ မျက်လုံးကပြူးပြူး၊ အမွှေးက မဲကြောင်ကြောင် နဲ့ ရုပ်ကဆိုးလိုက်တာများပြောမနေနဲ့တော့သူ့ကုသိုလ်ကံကိုကမကောင်းရှာဘူး။ ဒါတောင်မှအဖေနဲ့တွေ့လို့ နို့မို့ရင်လားကြောင်စုပ်ကြောင်ပဲ့ဖြစ်မှာသေချာတယ်။ အခုနေများမိဖြူနဲ့တော့ကွာပ ။ မိဖြူတို့များ ရက်ကွက်ထဲများသွားရမလားဆိုရင် အမှီးကိုနံ့လို့ ပျော်နေလိုက်တာများ ဖိုးညိုခင်မျာ ကြောင်တောင်တောင်နဲ့ ငေးကြည့်နေရတာ။ ကျမလဲ အခုတလော မိဖြူနဲ့ ဖိုးညိုကို အကဲခတ်နေရပြီ။ သူတို့နှစ်ကောင်စလုံးက အရွယ်ရောက်လာကြပြီဆိုတော့ တော်ကြာနေ ကြောင်စုပ်ကြောင်မိုက်တွေနဲ့များ တွေ့သွားမှာဖြင့်ရေတိမ်နှစ်အုံးမယ်။ အကြီးမ မိဖြူကလဲအခုတလော ရပ်ကွက်ထဲမှာ အော့ကြောလန်တွေရဲ့ အတင်ကလော်သံတွေကကြားနေရတယ်။ နိင်ငံရေးအခြေအနေကမကောင်းရတဲ့ကြားထဲ စည်ပင်က အဆိပ်ပစ်တဲ့ အစာထဲပါသွားမှဖြစ် ရင်ကျိုးရချည်ရဲ့နော်။ မဖြစ်သေးပါဘူး။ ဒီတိုင်းနေလို့တော့ မိဖြူကို သင့်တော်တဲ့သူနဲ့ ပေးစားမှဖြစ်တော့မယ်။ အရင်ဦးဆုံးကျမစဉ်းစားထားတဲ့သူကတော့ အင်း ..ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်တာပဲ ကောင်ပါတယ်။ ဒီတော့အိမ်က ဖိုးညိုနဲ့ တရားဝင်လက်ထပ်ပေးစားလိုက်မယ်။ ဒါပေမဲ့ ဖိုးညိုကရုပ်ကမချောတော့ မိဖြူကရင်ခုန်မှာမဟုတ်ဘူး။ နောက်ပြီးတော့ သူတို့နှစ်ကောင်ကမောင်နှမတွေလိုအတူနေလာတာလဲအတော်ကြာပြီဆိုတော့ ငါးရာနှစ်ဆယ့်ရှစ်အချစ်နဲ့တော့ ပိုကြမယ်မထင်ဘူး။


မကြာပါဘူး အသံတွေကထွက်လာပါပြီ။ ဟိုဘက်ရပ်ကွက်ကနိင်ငံခြားကြောင်တကောင်နဲ့ ဖြစ်နေတယ်ဆိုလား။ ဒီဘက်ခြံက ကြောင်အိုပျိုကြီးနဲ့လဲဖြစ်နေတယ်ဆိုလား ဆိုလားတွေက ကျမ့ နားထဲမှာ တော်တော်များနေပြီ။ နောက်ပြီတော့ နိုင်ငံခြားကြောင်ရဲ့ အဖိုးကြီးကလဲပဲမိဖြူကိုသူ့သားနဲ့သဘောမတူဘူးလေး ဘာလေးနဲ့ပြောသံကြားနေရတယ်။ ခက်တယ် အကြီးမကတော့ ရပ်ကွက်ထဲမှာ တော်တော်ကို ခြေရှုပ်ထားတာပဲ။ ရှုပ်ချင်းရှုပ် အငယ်ကောင်ဖိုးညိုကခြေရှုပ်ရမှာ အခုတော့ ပြောင်းပြန်တွေဖြစ်ကုန်ပြီ။ ဖိုးညိုကလဲသူများပြောလဲ ပြောချင်စရာ ပုံစံက မြောက်လိုလို ၊ ကြောင်လိုလိုနဲ့ဆိုတော့ဘယ်သူကကြိုက်မှာလဲလို့။ ဖိုးညိုက သူ့အမမိဖြူကိုတော့ချစ်တယ်။ အိမ်ပြန်မလာသေးလို့ရှိရင် လိုက်ခေါ်တတ်တယ်။ ထမင်းစားရင်လဲ စောင့်နေတတ်တယ်။ မိဖြူရောက်လာတော့မှ အတူတူစားကြတာပါ။ သူတို့မောင်နှမက အိပ်တာတောင်မှတကောင်နဲ့တကောင် မှီပြီး ပူးအိပ်ကြတာနော်။ အဲလောက်ထိအောင်ကိုချစ်ကြတာပါ။


တိရစ္ဆာန်ဆိုပေမဲ့ သူတို့ဘ၀လေးနဲ့ သူတို့ပျော်ပျော်ရွှင်ရွှင်နေတတ်ထိုင်တတ်ကြတာကိုတော့ သဘောကျသင့်ပါတယ်။


နောက်တပတ်လောက်နေတော့ မိရွှေချောတို့ ဇတ်လမ်းကစတော့တာပါပဲလေ။ နှစ်ရက်သုံးရက်လောက် အစားလဲမစား ရေလဲမသောက်နဲ့ မိဖြူတကောင် နေမကောင်းဖြစ်နေလားမသိဘူးဆိုပြီးတော့ တိရစ္ဆာန်အထူးကုဆေးခန်းကိုသွားပြကြည့်လိုက်တော့။ အဲလောက်ထိအောင်မြန်လိုက်မယ်လို့ကိုထင်မထားမိဘူး။ အခုတော့ မိဖြူမှာ ကိုယ်ဝန်ရှိနေပြီ။ အဲဒါမှပြသာနာပဲ ကိုယ်ဝန်ကဖြင့်ရှိနေပြီ လင်ကောင်ကမပေါ်သေးဘူး။ ဖိုးညိုမျက်နာကိုပြေးမြင်မိတော့တယ် အခုနေများဖိုးညိုကလူဆိုရင်တော့ သူ့အမလင်မပေါ်ပဲနဲ့ရတဲ့ကိုယ်ဝန်ကိုကြည့်ပြီး ဘယ်လောက်များစိတ်ထိခိုက်လိုက်မလဲလို့လေ။ ဖြစ်ပြီးမှတော့ဘာတတ်နိင်မှာလဲ ဖြစ်သမျှအကြောင်းအကောင်းကြီးပဲမှတ်ယုံပေါ့။ စိတ်အားငယ်စရာတော့မရှိပါဘူး။ သူ့ဘေးနားမှာလဲ ဖိုးညိုတကောင်လုံး ရှိနေတာပဲ နောက်ပြီးကျမလဲရှိတာပဲ။ မိဖြူရဲ့ကိုယ်ဝန်ဟာတဖြည်းဖြည်းနဲ့ ရင့်လာပြီ။ဘယ်နေ့ မွေးမလဲဆိုတာကို စောင့်ကြည့်နေရတာ။ တကယ်လို့အိမ်မှာမမွေးနိင်ရင်လဲ အထူးကုဆေးခန်းကိုသွားမွေးဖို့တော့စီစဉ်ထားတာပဲ။ ဆရာဝန်ပြောတာကတော့ မိဖြူရဲ့ ကိုယ်ဝန်က ဗိုက်ထဲမှာ ကလေးသုံးကောင်ရှိတယ်လို့တော့ ဆေးစစ်ချက်ထွက်ထားတယ်။ အဆင်ပြေစွာနဲ့ပဲချောချောမွေ့မွေ့ နဲ့မီးဖွားနိင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့။


၂၃ ၊၄၊၂၀၀၉ ရက်နေ့ကမိဖြူကလေးတွေ မီးဖွားတဲ့နေ့ပေါ့ ။ အိမ်မှာကလဲကျမရယ် ၊ ဖိုးညိုရယ် ၊ မီးဖွားနေတဲ့ မိဖြူးရယ်ပဲရှိတယ်။ ကျန်တဲ့သူတွေက အလုပ်သွားနေကြတယ်လေ။ ပထမတကောင်ကိုတော့ မိဖြူ လွယ်လွယ်ကူကူနဲ့မွေးနိင်ခဲ့တယ်။ ဒုတိယအကြိမ်ကြတောနည်းနည်းလေးကြာမှမွေးတယ်။ တတိယ နောက်ဆုံးသားကျတော့ တော်တော်ပင်ပင်ပမ်းပမ်းနဲ့ကိုကြိုးစားနေရတယ်။ ကလေးကတော်တော်နဲ့အပြင်မရောက်နိင်ဘူး ဖြစ်နေတယ်။ မောင်ဖိုးညိုတကောင်ကတော့ သနားစရာပါနော်။ သူခင်မျာ အိမ်ရှေ့ပြေးလိုက် အိမ်နောက်ဘေး ပြေးလိုက်နဲ့ ဖြစ်ပျက်နေလိုက်တာများ စိတ်ကိုအညိမ်မနေနိင်ဘူးဖြစ်နေတယ်။ သူနဲ့ရတဲ့ကိုယ်ဝန်လဲမဟုတ်ပဲနဲ့အမမိဖြူကိုကြည့်ပြီး စိုးရိမ်သောကတွေများနေတာ။ မိဖြူကလဲနောက်ဆုံးတကောင်ကြမှပဲ ဘာဖြစ်လို့ ကြာနေရတာလဲမသိပါဘူး။ နောက်ထပ်ဆယ်မိနစ်နေမှပဲ နောက်ဆုံးတကောင်ကိုလွယ်ကူစွာနဲ့ မွေးထုတ်နိင်ခဲ့ပါတယ်။ အဲဒီအခါကျမှပဲ ကျမနဲ့ဖိုးညိုသက်ပြင်းချပြီးတော့မှ စိတ်အေးရတော့တယ်။ ဒါပေမဲ့ မိဖြူမှာ အသက်မရှိတော့ပါဘူး။ ကျမလဲပဲ ငိုရမလို ရီရမလိုနဲ့ အသက်ရှုဖို့တောင်မေ့သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာသူ့ရဲ့အသက် အပိုင်းခြားကိုကဒီလောက်နဲ့ပဲရှင်သန်ခွင့်ပေးတာကို နောင်ဘ၀က သူရဲ့ ကံ ၊ကံ၏ အကျိုးလို့ပဲတရားနဲ့ ဖြေဖျောက်ရမှာပေါ့။ ဖိုးညိုကတော့ မသိရှာဘူးပေါ့။ သူ့အမနားကပ်ပြီးလက်ကလေးနဲ့သွားသွားပြီး ပုတ်နေတော့တယ်။ မိဖြူမွေးထားတဲ့သားသမီးသုံးကောင်ကလဲ ချစ်စရာလေးတွေပါ။ သုံးကောင်စလုံးက အမွှေးဖြူဖြူတွေနဲ့ သူ့အမေနဲ့တူကြတာပါ။ ဖိုးညိုနဲ့တော့တစက်ကလေးမှကို မတူဘူးရယ်။ မိဖြူရဲ့သားသမီးတွေက အဖြူရောင် ၊ ဖိုးညိုရဲ့အရောင်က နက်ကြောင်ကြောင်ရယ်။


ဒီနေ့ဟာဖြင့်မိဖြူကိုကျမတို့တအိမ်သားလုံးနောက်ဆုံးမြင်ခွင့်ရတဲ့နေ့ပါပဲ။ နောက်ဆိုမိဖြူကိုကျမတို့ မြင်ချင်လို့ မမြင်ရတော့ပါဘူး။ သူ့ရဲ့အသုဘကို အဲဒီနေ့မှာပဲ တခါတည်း မီးသဂြိုလ်လိုက်ကြပါတော့တယ်။ ၀မ်းနဲကြေကွဲသံတွေနဲ့အတူ ကျမတို့တအိမ်သာလုံး ဆုတောင်းသံတွေထွက်လာကြပါတော့တယ်။ သမီးလေးမိဖြူရေ….


ကောင်းရာသုဂတိသို့လားပါစေသား…..။ နောင်ဘ၀များလူဖြစ်ခဲ့ရင် ငါတို့နဲ့အတူပြန်ဆုံနိင်ပါစေလို့ဆုတောင်ပေး လိုက်ပါတယ်။ မိဖြူရေ…..အမျှ..အမျှ..အမျှ..ပေးဝေပါ၏ ။


ဖိုးညိုကတော့ အခုချိန်ထိအောင် ကြောင်ပျိုကြီးလုပ်နေတုန်းပဲ။ သူ့အမ မိဖြူက သူ့အတွက် တစ်ဘ၀သာ သားသမီးသုံးရောက်ကို အသက်စွန့်ပြီးမွေးထုတ်ပေးခဲ့ပါတယ်။ အခုဆိုရင် ကျမတို့အိမ်မှာ အရမ်းပျော်စရာကောင်းတဲ့ ကြောင်ပျိုကြီးဦးဖိုညိုနှင့် ''ကြောင်''သားသမီး မိသားစုတို့ အတူတကွနေထိုင်လျှက်ရှိကြပါတော့မည်။ နောက်ဆို ကြောင်ပေါက်ကလေးတွေကြီးလာလို့ရှိရင် အရမ်းသာယာလှပတဲ့မိသားစုကြောင်တွေဟာ သိုက်သိုက်ဝန်းဝန်းနဲ့ကြောင်ပျိုကြီး ဦးဖိုညိုရဲ့ဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းသွားပါတော့မယ်။




ပြီးပါပြီး ။ ။






ညီစေနိင်။




23၊5၊2009။

အိမ်အိုဟောင်း

ကျွန်တော် ငယ်ငယ်တုန်းက
အရမ်းအလိုလိုက်တာ ခံရဘူးတယ်
ဘကြီးဖြိုးတို့ တအိမ်လုံးက
မုန့်တွေဝယ်ကျွေး ၊ ပါးတွေနမ်းတာကို
သတိရမိတယ်

ကျွန်တော့်အသက် ၂၀ တုန်းက
မိုက်မဲမှု့ကိုအမှတ်ရနေမိ
ရည်းစားလုပွဲမှာ တခါရှုံးနိမ့်ခဲ့ဘူးတယ်
အသည်းကွဲလို့ အရက်တွေသောက်
တွေ့တဲ့သူနဲ့ရန်တွေဖြစ်ခဲ့

ကျွန်တော်မူးမူးပြီးပြန်လာချိန်
အမေမအိပ်သေးဘူး
ငယ်ငယ်တုန်းကလိုပဲ
ထမင်းတွေခူးကျွေး
အိပ်ယာတွေခင်းပေတယ်

ရေခြား မြေခြား မှာ စီးပွားရှာတဲ့ကာလ
အမေ့ကိုလွမ်းတယ်

ပူစပ်ပူလောင်မြို့ပြမှာ
တစ်ယောက်ထဲဘ၀ကို တည်ဆောက်နေရတယ်

အလုပ်ကအပြန် အိမ်ကိုရောက်ရင်
အမေ့လက်ရာထမင်းဟင်းတွေကို
တမ်းတမိတယ်

အလုပ်အဆင်မပြေတဲ့နေ့တွေမှာ
အမေ့ရဲ့အားပေးစကားတွေကိုကြားခြင်လိုက်တာ

ကျွန်တော့်အသက် ၃၀ မှာ
အဆင်မပြေစွာနဲ့အမေ့အိမ်ကိုပြန်ရောက်ခဲ့တယ်
အမေကကျွန်တော့်ကိုကလေးလေးတစ်ယောက်လိုပဲ
ရင်ခွင်ထဲမှာ ထွေးပွေ့ထားတယ်

ဆိုလိုတာက
ရိုးသားတဲ့အမေ့အိမ်နဲ့ကျွန်တော်
ရိုးအတဲ့အမေနဲ့ကျွန်တော်
ဟိုး....အဝေးကြီးဆီကို
ဘယ်တော့မှခွဲခွါပြီးမနေတော့ဘူး
အမေကအသက်လဲကြီးနေပြီး
ကျန်းမာရေးကလဲချုချာလို့ ...။ ။

ညီစေနိုင်
၁၊၅၊၂၀၀၉။

ပိုင်ဆိုင်ခြင်း

ငါ့ ကဗျာ ၊ ငါ မပိုင် 
ငါ နဲ့ သာဆိုင်
စိတ်တိုင်းကြ တွေးပိုင်ခွင့်ရှိတယ်
မင်းစိတ်စေရာကို
ငါ့ ကဗျာ က ရည်ညွှန်းလိမ့်မယ် ...

ငါ့ ဘ၀ ၊ ငါ မပိုင်
ငါ နဲ့ သာဆိုင်
ကံကြမ္မာရဲ့ စိတ်တိုင်းကြ ရွက်လွင့်လို့ရတယ်
ငါပိုင်ဆိုင်သမျှ အတ္တ မာန နဲ့ လောဘတွေကို
မြေကြီးက ကောက်ယူစားသုံးလိမ့်မယ်...

ငါ့ ချစ်သူ ၊ ငါ မပိုင်
ငါ နဲ့ သာဆိုင်
နင်ကြိုက်နှစ်သက်ရာ ရင်ခွင်ဆီသို့ ခိုနားပိုင်ခွင့်ရှိတယ်
အချစ်တွေကို မေတ္တာရေနဲ့ ဆေးကြောပါ့မယ်...။




ညီစေနိုင်


၃၁၊၅၊၂၀၀၉

လွတ်ကျသွားတဲ့ ငါ့ကမ္ဘာ

လုံးဝန်းတဲ့ ကမ္ဘာကြီး
ငါ့အတွက်
ချစ်ခြင်းနဲ့မေတ္တာတရားဆိုတာ
ဘယ်မှာရှာတွေ့နိုင်မလဲ .....။

လှပတဲ့ ကမ္ဘာကြီး
လောဘ အဆိပ် တက်နေပြီးလား
ငါ့အတွက်
ပျော်ရွှင်မှုဆိုတာ
ဘယ်မှာ ရှာတွေ့နိုင်မလဲ .....။

သာယာတဲ့ လူသားကမ္ဘာ
မယုံနိုင်စရာ
ဒေါသ မီးတွေလောင်ကျွမ်းနေပြီးလား
ငါ့အတွက်
ငြိမ်းချမ်းရေးဆိုတဲ့ မှတ်တိုင်တစ်ခုကို
ဘယ်မှာရှာတွေ့နိုင်မလဲ .....။

ဟန်ဆောင်တဲ့ လူသားကမ္ဘာ
ငါ့အတွက်
ရိုးစင်းတဲ့ အချစ်
ညဏ်ပညာရဲ့ ချစ်ခြင်း
နားလည်မှုရဲ့ မေတ္တာတရားတွေကို
ဘယ်မှာရှာတွေ့နိုင်မလဲ ..... ။ ။
                                
                    ညီစေနိုင်
                    ၃၁၊၅၊၂၀၀၉ ။

မှော်ဝင် အိမ်မက် ကဗျာ

အိမ်မက် နဲ့ ကဗျာတွေက
ဆက်စပ်လို့မရ

သိလိုက် ၊ မသိလိုက် ဖြစ်ခြင်းက
အတိတ်မေ့ နှလုံးရောဂါ တဲ့လား

သွေးလန့် လို့ ခုန်နေတဲ့
ငါ့ ရဲ့ ကြွက်သားတစ်စုံ

မာကြောနေတဲ့ ငါ့နှလုံးသားကို
ဘယ်သူဝင် တိုက်ခိုက်ရဲလဲ

အရူးတစ်ယောက်လိုဖြစ်နေတဲ့ လူက
ကဗျာဆရာတဲ့

ဒီနေ့
ငါ့ စိတ်တွေ မနာမကျန်း ဖြစ်နေတယ်
ရေးလက်စ ကဗျာ နဲ့ ငါက
စကားပြောလို့ ကောင်းနေတုန်း
ပုပ်သိုးနေတဲ့ ဆဲလ်တွေက
ငါ့ ကို ၀ါးမျိုနေပြီ

တစ္ဆေတစ်ကောင်လို ခြောက်လန့်နေတဲ့
အလင်းမဲ့ အရိပ်တစ်ခု
နောက်လည့် အကြည့်မှာတော့
အိမ်မက် က နိုးထခဲ့ပေါ့

ရေးလက်စ ကဗျာ က ငါ့လက်ထဲမှာ
လူးလွန့်လို့နေ ......။ ။

ညီစေနိင်
၂၇၊၅၊၂၀၀၉ ။

အပြာရောင် အလွမ်း

ခွဲကြပြီဆိုတော့
ကြေကွဲတဲ့အပြုံးတွေနဲ့
လက်ရမ်းကာ နူတ်ဆက်အပြီးမှာတော့
ငါ့ခရီးကို ရှေ့ဆက်ဖို့ပြင်
နောက်တစ်ကြိမ် ပြန်တွေ့ဖို့ဆိုတာ
မသေချာ
ကံကြမ္မာရဲ့ စေညွှန်းရာအတိုင်း ။

ငါသေဆုံးတဲ့ တစ်နေ့ကြရင်
မျက်ရည်မကျကြေး
လွမ်းစိတ်မပိုကြေး ။

အတောမသတ်နိုင်တဲ့ လောကဓာတ်ရဲ့
ဘ၀အလှည့်အပြောင်းမှာ
ငါ့ဘ၀သေချင် သေပါစေ
သွေးဆူနေတဲ့ ငါ့ကဗျာကိုတော့
မသေစေချင်ဘူး ။

အမုန်းမရှိတဲ့ မြို့တော်မှာ
မနောလှတဲ့ ခင်နှမငယ်တစ်ယောက်လဲရှိသေးတယ်။
ခင့်မျက်နှာ ရွှေရောင်ဝင်းဝါလို့
ခင့်မေတ္တာ ငွေရောင်သမ်းပါလို့
မှန်းဆကာ ကဗျာတစ်ပုဒ်နဲ့
တမ်းတလို့ ငေး
တရေးရေး ..... ။   ။

ညီစေနိုင်
၁၄၊၅၊၂၀၀၉

မြို့ပြ ရဲ့ ဟာကွက်

ဟောင်နွမ်းနေတဲ့ မြို့တော်ရယ်
တိတ်ဆိတ်နေတဲ့ ရပ်ကွက်တချို့ရယ် ...

လူမမြင်သာတဲ့ ညဈေးတန်းက နေရာလွတ်တစ်ခုနဲ့
ဖြတ်သွားဖြတ်လာ ဘူတာဟောင်းတချို့ပေါ့ ...

ဆွေးမြေ့နေတဲ့ ပလက်ဖောင်းဘေးက ကားမှတ်တိုင်မှာ
မိုးခိုနေတဲ့ ထီးတစ်လက်နဲ့
ကတ္ထီပါလမ်းမှာ အသည်းကွဲနေတဲ့ ဖိနပ်တစ်ရံရယ် ...

မေးမဲ့လူလဲမရှိ ၊ ခေါ်ပြောမဲ့လူလဲမရှိ
တိုင်တည်စရာနတ်ဘုရားကလဲ မရှိနဲ့ ...

ဘယ်သူမှလဲဂရုမစိုက်ဘူးထင်ပါရဲ့
(ရောင်းဈေးသတ်မှတ်ထားတဲ့ အိတ်ကပ်အစုပ်ထဲက ငါ့ကဗျာကိုပေါ့)
ဝယ်လိုက၀ယ်နိုင်သည်
အမြတ်အစွန်းမလို
အရင်းအတိုင်းသာပေးခဲ့ ...

ငါ့ကဗျာအသက်ရှုဖို့
အောက်ဆီဂျင်ဆိုတာ လိုအပ်တယ်လေ ...။ ။

ညီစေနိုင်
၂၂၊ ၃၊ ၂၀၀၉

အကျင့်ဖြစ်နေလို့

မေ့နေရင်လဲ အသိပေးအုံး
လွမ်းတယ်ဆိုတာ မိန်းမဆန်တယ်
သတိရတိုင်း ချီးယားလုပ်ပေးပါ

ဖန်ခွက်ခြင်း ထိခတ်သံဟာ
ဘော်ဒါကြီး ကြိုက်တဲ့ ကော်ဖီမဟုတ်ဘူး

ပါးပါး ပုတ်မယ်ဟေ့ဆိုပြီး
နေ့တိုင်း လိုလို ၀ိုင်းဖြစ်သွားတာက
အကြွေးရောင်းတဲ့ ကိုကြွက်နီ ဆိုင်ကြောင့်

အဲဒီလို နေ့တွေတိုင်း
ကဗျာအကြောင်း ၊ စာအကြောင်း
ရန်ဖြစ်ခဲ့ရတာက
မိုးလင်း ၊ မိုးချူပ်

ဘော်ဒါကြီး
နေညိုချိန်ဆို  .. .. ..  သတိရလိုက်ပါ ။ ။

ညီစေနိင်
၂၈၊၅၊၂၀၀၉ ။

နှိုးစက်

မနက်ခင်းတစ်ခုကို မွေးဖွါးဖို့
သစ္စာ သမာဓိအပြည့်နဲ့
ငါ့ကိုအမြဲတမ်း အချက်ပေးနေတဲ့
ချစ်သူ နိုးစက်လေး ...

ညညအိပ်ယာဝင်ခါနီတိုင်း
ချစ်သူ နိုးစက်လေးကို မှာစရာရှိတာမှာ
ခိုင်းစရာရှိတာခိုင်း၊ ပြောစရာရှိတာပြောပြီး
သူ့ကိုချော့သိပ်ရသေးတယ်...

နေခြည်ဖြာထွက် အလင်းပေါက်တို့
ထိတွေတာနဲ့တပြိုင်နက်
ချစ်သူနိုးစက်က လန့်ဖြတ်ပြီး အသံဗြဲကြီးနဲ့ ထအော်တော့တာပဲ
... ကလင်...ကလင်...ကလင်...ကလင်...နဲ့

သူငယ်ချင်း ထထ မိုးလင်းပြီ
အလုပ်သွားရတော့မယ်တဲ့
အင်း ... ဟင်း ...ဟီး ...

ကျွန်တော် ဘာတတ်နိုင်မှာလဲဗျာ
အဲဒီ မနှစ်မျို့တဲ့ ဘ၀ပေးတာဝန်တွေကိုပေါ့
ပျင်းလွန်းလို့လေ ...

ကျွန်တော် ...
နေသာကျနေပါပြီ ချစ်သူ နိုးစက်လေး ...

မနက်အာရုံ နိုးထချိန်တိုင်း
ချစ်သူရဲ့ ကိုယ်ငွေ့သင်းသင်းလေး
စုပ်ချက်ချက်ပျင်းပျင်း အနမ်းတွေနဲ့
အိမ်မက် လှလှလေးတွေကို
အကြိမ်ပေါင်းမနည်း ရိုက်ချိုးပစ်တာလဲ
ချစ်သူ နိုးစက်လေး ပါပဲ...

ရုံးတက် ၊ ရုံးဆင်ချိန်မှာ
မေတ္တာမပျက်၊ သစ္စာရှိလျှက်
ခရီးဦးကြို ပြုတတ်ကြတဲ့

မီးစိမ်း ၊ မီးနီ မီးပွို င့်တွေရယ်

လက်ယပ်ခေါ်နေတဲ့ ဘတ်စ်ကားတွေ

လေပေါ်မှာလမ်းလျှောက်နေတဲ့ မိုးပျံရထားတွေ

ခေါက်တုံ့ ၊ ခေါက်ပြန် တက်ကစ်စီ တွေရယ်

နိုးစက်ကိုယ်စီနဲ့မနက်ခင်းတစ်ခုကိုမွေးဖွါးနေကြတာလေ

ဒီလိုနဲ့ပဲ ...
၂၄နာရီ တစ်ရက်ဆိုတာကို ကုန်လွန်စေခဲ့တာပေါ့

မကုန်ဆုံးနိုင်တဲ့ .. .. .. .. နှစ်များဆီသို့ ။ ။

ညီစေနိုင်
၂၉၊ ၄၊ ၂၀၀၉ ။

မသိကိန်းအချစ်

နဖူးပေါ်လက်တင် အိပ်မရတဲ့ ညတွေများနေ
မင်းအကြောင်း နေ့တိုင်း ၊ ညတိုင်း
ကိုယ် တွေးရင်း ၊ ဆွေးရင်း
ညညသောက်ခဲ့ရတဲ့ အဆိပ်ရေတွေ
တစ တစ နဲ့ စိတ္တဇဖြစ် ငါ့ရဲ့ သွေးတွေ ...

ငါဟာ ...
တိမ်တိုက်နဲ့ တူတဲ့ ဦးခေါင်းတစ်လုံးပါ ...

ငါဟာ ...
ပြိုမလို နဲ့ ငိုနေတဲ့ မိုးတိမ်တွေကြားက အရိပ်မဲ့တစ်ခုပါ ...

ငါဟာ ...
မြေကြီး နဲ့ ကောင်ကင်ကြားက အရှိမဲ့ ဘ၀ပါ ...

အမှန်ကိုရှာသူအမှားများလေတော့
တစင်အမြဲ အစင်လွဲ ၊ မှားယွင်းခဲ့
ဘ၀မှာ ဘယ်အရာမှ မတည်မြဲဘူး ...

တဒင်္ဂ အကြင်နာတွေ ပါးအပ် ၊ တွဲလက်မဖြုတ် တို့အနမ်းတွေ
ပျော်တဲ့အခါ သက်ဆုံးတိုင် ချစ်လိုက်ကြ
ရင်နင့်ကာကြုံတဲ့အခါ ကြေကွဲကာ ငိုရှိုက်လိုက်
နောက်ဆုံးမှာမလွန်ဆန်နိုင် သေခြင်းရဲ့ အဘိဓမ္မာများ ... ။ ။

ညီစေနိုင်
၂၀၊ ၄ ၊ ၂၀၀၉ ။

မိဘမေတ္တာစမ်းရေပမာ

တကယ်တော့ ဘယ်မိဘမဆို ကိုယ့်သားသမီးတွေအပေါ် အရမ်းသံယောဇဉ်ကြီးကြတာ၊ အားကိုးအားထားလည်း ပြုကြပါတယ်။ ဒါကလည်းကိုယ်ကိုယ်တိုင်မိဘဖြစ်ကာမှ သိကြမှာပါ။ ငယ်စဉ်တောင်ကျေးကလေးဘ၀ကအစ အတူနေထိုင်ခဲ့ကြတဲ့ညီအကိုမောင်နှမတွေ၊ သူငယ်ချင်းတွေတောင်မှ သံယောဇဉ်ကြီးကြမှတော့ အမိဝမ်းနဲ့ ကိုးလလွယ်လို့ဆယ်လဖွားပြီး ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်နဲ့ လူဖြစ်အောင်မွေးပေးခဲ့တဲ့ မိခင်ကတော့ပိုပြီးတော့မေတ္တာသံယောဇဉ်ကြီးမှာပေါ့။ မိဘဆိုတာက သားသမီးတွေအပေါ် ကောင်းကောင်းဆိုးဆိုး အပြစ်မမြင်ခွင့်လွှတ် နှစ်သိမ့်ပေးပြီးသားပါ။ မိဘတွေက ကိုယ့်သားသမီးတိုင်းကို ဆင်စီးပြီးမြင်းရံစေခြင်ကြတာ။ ငါ့သားလေး၊ ငါ့သမီးလေးနဲ့ ပါးစပ်ဖျားကမချတာကိုပဲကြည့်။ အမေတွေရဲ့နှစ်လိုဖွယ် မေတ္တာစကားသံတွေက ချစ်ခင်စရာကောင်းတဲ့ဂရုဏာစကားလေးတွေပါနော်။ ညီတို့၊ ညီမတို့၊ အစ်ကိုတို့တွေလို ရေးခြားမြေခြားမှာ မိဝေးဖဝေးနဲ့ ဘ၀ရပ်တည်ဖို့အတွက် လာရောက်လုပ်ကိုင်နေကြတဲ့သူတွေဆိုလျှင် အမေတွေရဲ့ မေတ္တာစွမ်းပကားက ဘယ်လောက်ကြီးသလဲဆိုတာပိုသိပါလိမ့်မယ်။ အဝေးနေနဲ့ အနီးနေကသံယောဇဉ်ကမတူဘူး။ တစ်အိမ်ထဲမှာအတူတူနေချိန်မှာမသိသာဘူး။ ခရီးဝေးလဲထွက်ခွာရော အဲဒီမှာပဲ အလွမ်းတွေက ဖွေးဖွေးလှုပ်တော့တာပဲ။ အခုလည်းကြည့် မိဘနဲ့သားသမီးအနေဝေးနေတော့ မေတ္တာဓာတ်တွေအပြန်အလှန်ငတ်မွတ်နေချိန်မှာ အမေပြောတဲ့ဖုန်းထဲကစကားအသံတွေကြားတာနဲ့ တပြိုင်နက်ထဲ (အဖေနဲ့တောင် မေတ္တာဓာတ်ကမတူဘူး) နှစ်လုံးသားက ၀မ်းနည်း၊ ၀မ်းသာနဲ့ မျက်ရည်တွေက စိမ့်ထွက်လာတယ် ကြုံဖူးတဲ့သူတိုင်းသိမှာပါ။
အားလုံးကိုတော့မဆိုလိုပါဘူး။ တချို့သားသမီးတွေဆိုရင်မိဘတွေရှိနေတာတောင်မှ မသိကျေးကျွန်ပြုနေကြတာကို အံ့သြလို့မဆုံးဘူး။ မိဘတွေသက်ရှိထင်ရှားရှိနေလျှက်သာနဲ့ ရှိတယ်လို့တောင်မထင်တဲ့သူတွေကို ကျွန်တော်ကိုယ် တိုင်တွေ့ဖူးကြုံးဖူးလို့ ပြောတာပါနော်။ ဒီတော့ ပြည့်စုံတဲ့ မိဘတွေဆိုရင်တော့ထားပါတော့ ၊ မပြည့်စုံတဲ့မိဘတွေဆိုရင် ဘယ်လိုလုပ်မလည်း ဆင်းရဲနွမ်းပါးရတဲ့ကြားထဲ သားသမီးတွေကပါ ပစ်ထားရင် အဲဒီမိဘတွေဘယ်လိုနေမလဲ။ ကိုယ်ချင်းစာနာစိတ်ကလေးတွေတော့ ရှိဦးမှပေါ့။ ကိုယ်လည်းနောင်တချိန်မှာမိဘတွေဖြစ်လာရင်၊ အသက်တွေကြီးပြီးအိုမင်းမစွမ်းဖြစ်နေချိန်မှာ အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံရင်ဘယ်လိုလုပ်မလဲ။ အသက်ကြီးတဲ့လူကြီးတွေက သူတို့ကိုသူတို့တန်ဖိုးမရှိဘူး၊ ဆောင်တွင်းနေနဲ့တူတယ်ပေါ့ အလင်းရောင်တော့ရတယ်၊ ဒါပေမဲ့ နွေးထွေးမှုကိုမပေးနိုင်းဘူးဆိုပြီးတော့ စိတ်အားငယ်နေတတ်ကြတယ်။ လူကြီးမိဘတွေကို နှစ်သိမ့်အားပေးစကားလေတွေပြောပေးပါ အတတ်နိုင်ဆုံး စိတ်မချမ်းမြေ့စရာတွေကို မပြောကြပါနဲ့လို့ သတိပေးချင်ပါတယ်။
ငယ်တုန်းကသား၊ ကြီးတော့အားတဲ့။ ဒါဟာ မိဘတွေကသားသမီးအပေါ် မျှော်လင့်ထားတဲ့ ရည်ရွယ်ချက်စကားလုံးလေးပါ။ ငွေကြေးပြည့်စုံတဲ့မိဘပဲဖြစ်ဖြစ်၊ ငွေကြေမပြည့်စုံတဲ့မိဘပဲဖြစ်ဖြစ် သားသမီးတွေအပေါ် မေတ္တာထားပြီး ချစ်တာခြင်းကတော့အတူတူပါပဲ။ တောင်ဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတာပါ။ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိပါဘူး။ မိဘတွေကအသက်ကြီးလာလေ အားငယ်စိတ်တွေပေါ်လွင်လေပဲ။ တကယ်လို့ ညီငယ်ညီမငယ်တို့ အဖေအမေတို့နဲ့ပြန်ဆုံတဲ့နေ့ကြရင် မိဘတွေရဲ့မျက်နှာကိုသေချာကြည့်ပြီး အကဲခတ်ကြည့်ပါ။ ရီပြနေတဲ့အဖေနဲ့အမေက သူတို့စိတ်ထဲကပါလို့မဟုတ်ပါဘူး သိမ်ငယ်နေတဲ့နှလုံးသားကမျက်ရည်တွေ ဖုံးကွယ်ထားတာကို ဘယ်သားသမီးကမြင်နိုင်မှာလဲ။ (ခံစားရတဲ့အဖေေ တွအမေတွေပဲသိတယ်)။ ညီငယ်၊ ညီမငယ်တို့လည်း ကြုံဖူးမှာပါ။ ရေခြားမြေခြားထွက်ခွာပြီဆိုရင် မိဘနှစ်ပါးကိုရှိခိုးဦးချကန်တော့ကြရတယ်လေ။
ကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးတွေရဲ့အလေ့အထတစ်ခုပေါ့)။အဲဒီလိုကန်တော့နေချိန်မှာ မိဘနှစ်ပါးရဲ့ ဆုတောင်းပေးတဲ့အသံက အက်ကွဲကွဲနဲ့စကားသံ အတိမ်အနက်ကမညီညာတော့ဘူး။ အမေကပိုဆိုးတာပေါ့။ ကိုယ့်သားသမီးလေးတွေနဲ့ ခွဲခွာရမှာဆိုတော့ ရုပ်ပျက်ဆင်းပျက်ငိုတော့တာပေါ့။ အမေငိုတော့သားသမီးကလည်းဘယ်နေနိုင်တော့မှာလည်း။ ငိုတာပေါ့။ (အဲဒီလိုကန်တော့နေချိန်မှာ မငိုရဘူးတဲ့ နိတ်မိတ်မကောင်းလို့တဲ့ ယုံကြည်မှု့လို့ပဲထင်ပါတယ်)။ ဒါဟာ အမေနဲ့သားသမီး မေတ္တာအလွမ်းဓာတ်တွေကို အပြန်အလှန်ပွင့်ထွက်လာကြခြင်းပါပဲ။
ကျွန်တော်ဆိုလိုတာက ကိုယ့်မိဘအကြောင်း ကိုယ်ပဲအသိဆုံးဖြစ်မှာပါ။ အခုလိုမိစုံဖစုံနဲ့ အတူနေထိုင်ရတာဟာ အင်မတန်ကုသိုလ်ထူးတယ်မှတ်ပါ။ ဒီလိုမိသားစုဘ၀မျိုးလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ကြစမ်းပါ။ တကယ်လို့ အနီးကပ်မစောင့်ရှောက်နိုင်ရင်တောင်မှ အဝေးကနေပြီး ငါ့မိဘတွေအဆင်ပြေရဲ့လား၊ ကျန်းကျန်းမာမာရောရှိရဲ့လား၊ နေရထိုင်ရတာရော စိတ်ချမ်းသာရဲ့လား ဘာတို့ညာတို့ အားပေးစကားပြောကြပါ။မိခင်တွေ၊ ဖခင်တွေကို ဥပက္ခာ ပြုမထားကြပါနဲ့။ တတ်နိုင်သလောက် ကူညီပံ့ပိုးပေးကြပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။
အခုနေရထိုင်ရတဲ့လူဘ၀ကတိုတိုလေးရယ် ဘယ်နေ့ဘယ်အချိန်မှာ ခွဲခွါရမယ်ဆိုတာ ဘယ်သူမှသိတာ မဟုတ်ဘူးရယ်။ တချို့လူတွေကရှိသေးတယ် တမလွန်ဘ၀ရောက်နေပြီဆိုမှဖြင့် ငါ့အဖေ၊ ငါ့အမေ၊ ငါ့အဖိုး၊ ငါ့အဖွားအတွက်ဆိုပြီးတော့ ထမင်းရေချောင်းစီး မောင်းတီးပြတဲ့အလှူ အတန်းကြီးတွေလုပ်ကြတယ်။ သက်ရှိထင်ရှားရှိနေတုန်းကတော့ နေ့ရွေ့ညရွေ့နဲ့ မသေခင်လေးများ ကိုယ်လုပ်လို့ရတဲ့ လုပ်အားခလေးနဲ့ တတ်နိုင်သလောက် မွေးကျေးဇူးးတွေကိုဆပ်နိုင်အောင်ကြိုးစားကြပါ။ ကြွေးဟောင်းတွေကို ကြေပွန်အောင်ထမ်းဆောင်နိုင်တဲ့ သားသမီးရတနာကောင်းတွေ ဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ အနန္တော အနန္ဒငါးပါးထဲက မမေ့မလျော့အပ်တဲ့သူတွေထဲမှာ ပါတယ်နော်။ မိဘတွေကရေပြတ် (ငွေ)ရင်းလည်းအနေ ခက်တယ်ဆိုတာလဲမမေ့နဲ့အုံး (အဲဒါကိုယ်တွေ့ပဲ)။ ဘယ်မိဘမဆို သားသမီးတွေကို အားကိုးကြတယ်။ သူတို့အိုမင်းမစွမ်းဖြစ်လာချိန်မှာ ဘယ်သားသမီးကများ တို့ကိုပြုစုစောင့်ရှောက်မှာပါ့မလဲဆိုတာကို မျှော်လင့်နေကြတာအမှန်ပဲ။ ဥပမာပြောရလျှင်တော့ မိသားစုတစ်ခုမှာ မွေးချင်း၃ယောက်ရှိတယ်။ ယောင်္ကျားလေးတွေချည်းပဲ ဆိုပါတော့။ ယောင်္ကျားလေးတွေချည်းပဲ မွေးထားတော့ ဖခင်အတွက်အဖေါ်ရပေမဲ့ မိခင်အတွက်တော့ နောက်ဖေးမီးဖိုချောင်မှာ ကူညီဖို့ အဖေါ်ပါမလားဘူပေါ့။ မိဘတွေက အဦးဆုံးသားကြီးကို ပထမဆုံး မျှော်တလင့်လင့်နဲ့ အားကိုးပြီးစောင့်ကြည့်တယ်။ ဒါပေမဲ့ထင်တဲ့အတိုင်းဖြစ်မလာဘူး။ အိမ်ထောင်သာကျသွားတယ် မိဘအပေါ်မသိတတ်ဘူး။ မိဘကတော့ အပြုံးမပျက်ပါးဘူး ၀မ်းနဲ့ လွယ်မွေးထားရတဲ့ သားဆိုတော့ ချစ်တာကို သားသမီးကသာ မသိတာပါနော်။ နောက်ထပ် သားလတ်တစ်ယောက်ရှိသေးတယ် ဆက်လက်မျှော်လင့်ခဲ့တယ်။ ဘယ်မလဲအားကိုးလောက်စရာ။ စလုပ်ကတည်းက အမှားမှားအယွင်းယွင်းနဲ့ အကြီးကောင်လမ်းကြောင်းထက်တောင်ပိုဆိုးနေလို့ အဲဒါနဲ့ပဲ နောက်ထပ် အငယ်ဆုံးသားလေးကို အားကိုးဖို့ ရည်ညွှန်းရတော့တယ်။
အင်း......အခုမှပဲစိတ်အေးရတော့တယ်တဲ့ အငယ်ဆုံးသားကလေးက မိဘအပေါ်သိတတ်ပြီး လိမ္မာရေးခြားရှိလို့ အသောက်အစားကလည်းကင်းတော့ မသေခင်လေးသေလမ်းဖြောင့်တော့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်လို့လဲရတယ်၊ တရားဓမ္မတွေနဲ့ ပျော်မွေ့ပြီး စိတ်ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန်ကိုရည်စူး၍ လားရာဂတိဆီသို့ အေးချမ်းစွာပြန်လို့ရတာပေါ့။ မိဘတွေက ကိုယ့်သားသမီးတွေအပေါ်ကို အားကိုးတတ်ကြတယ်။ မျှော်လင့်တတ်ကြတယ်။ နောက်ဆုံး ဘယ်လိုမှ မျှော်လင့်ချက်မရှိတော့မှသာ ခြေကုန်လက်ပမ်းကျပြီး စိတ်ဓာတ်ပါမှေးမှိန်သွားပါတော့တယ်။ ကိုယ့်မိဘတွေကိုသတိရကြပါ။ မမေ့မလျော့ကြပါနဲ့။ အိုမင်းရင့်ရော်လေ ဒုက္ခရောက်လေပဲ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ဂရုစိုက်ကြပါ။ မိခင်၊ ဖခင်တွေအတွက် မေတ္တာရှေ့ထားပြီး စေတနာသဒ္ဒါအားကြီးမားစွာဖြင့် ရှေးရှုးပြီး ကုသိုလ်ကောင်းမှု့ ယူနိုင်ကြပါစေလို့ ဆုတောင်ပေးအပ်ပါသည်။ ။
ညီစေနိုင် (၁-၅-၀၉)

စတင်ခြင်း

စတင်လိုက်ပါတယ်

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~