ချစ်ခြင်းအားဖြင့် ........အဖြူရောင် ဂီတ


ချစ်ခြင်းအားဖြင့်……….အဖြူရောင် ဂီတ

ပျံသင့်တယ်ထင်လို့ ပျံသန်းတဲ့  ကိုငှက်
လေဟုန်ကို တိုးဝှေ့ကာ  တေးဆိုလို့ သူပျော် …..

စိတ်စေရာ ကိုယ်မလိုက်နိင်တော့ သူ့ ဂီတသံ
ကမ္ဘာမြေ အနှံ့ အရောက်သွားဖို့ဆိုတာ စိတ်ကူးသက်သက် ကျန်ရစ်ခဲ့ …..

သူ … ခိုလှုံခဲ့တဲ့ ကျေးလက်က အမေ့ အိမ်လေး အကြောင်းရယ် …..
သူ … အသက်သွင်းပေးခဲ့တဲ့  ရာဇဝင်ထဲက သတို့သ္မီး အကြောင်းရယ် …..

သူ … မျှော်လင့်ခဲ့တဲ့ ချစ်သ္မီးလေး …..
သူ … ပျော်ရွှင်ခဲ့တဲ့ အနွေးထွေးဆုံး မိသားစုလေး …..

သူ … မြတ်နိုးတဲ့ သီချင်း နဲ့ ဂီတ …..
သူ … ချစ်တဲ့ ကဗျာ အပိုင်းအစများ …..

သူ … ခင်တွယ် တဲ့ သှူုငယ်ချင်းအားလုံး …..
သူ … ကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့ သီချင်းပရိတ်သတ်အားလုံး …..

အားလုံး … အားလုံး  … အားလုံး ကိုပေါ့  …..
စိုးရိမ်မှု့တွေ လွန်ကဲစွာနဲ့ တိတ်တဆိတ် ထွက်ခွါသွားခဲ့ …သူ (ကိုငှက်)

မြေပြင်မှာပဲ ကြည့်ကြည့် ၊ ကောင်းကင်မှာပဲ ကြည့်ကြည့်ပါ .....
သူ့ သီချင်း နှင့် သူ့ဂီတသံ ကတော့ ပျံ့လွင့်နေဆဲ …..

ချစ်ခြင်းအားဖြင့် ….ရေးခြစ်ခဲ့တဲ့
                        ထူးအိမ်သင် (ခ) ကိုငှက်………..
အတွက် အမှတ်တရ ဝမ်းနည်းကြေကွဲခြင်း………ကဗျာ ။
         မှ….     ညီစေနိင်……..။   
                                     ၁၇၊၆၊၁၁ ။


ယိုစီးပေါက်များ

ယိုစီးပေါက်များ


အသက်တချောင်း နုတ်ယူဖို့
ငါ ဝန်မလေး .....

ခဲယမ်းလက်နက် ၊ အီလက်ထောနစ်
နည်းပညာသစ် ၊ ထုတ်လုပ်ဖို့ရာ
အချိန်ခါမရွေး .....
                            (နူယူးကလီးယားတိုက်ပွဲ) ။

 ရေနံတစက်က
လူတွေအတွက် အသက်သွေးကြောတဲ့ .....

နှစ်ဟောင်း ၊ နှစ်သစ် ကူးပြောင်းချိန်မှာ
သွင်းကုန် ၊ ထုတ်ကုန် ၊ ပို့ကုန်တွေက
သင်္ဘောကြီးတစ်စီးအပြည့်နဲ့ သယ်ဆောင်လို့လာ
ရေအလျင်မှာ ကုန်သင်္ဘောကြီးတစ်စင်း
ရေနံ လှိုင်းဂယက် ပုတ်ခတ်မှု့ကြောင့်
အနိမ့် အကျ ၊ အတက် အမြင့် တွေနဲ့
ရေစီးသန်သန် ပင်လယ်ပြင်မှာ
လူးလွန့်ကာ ခုန်တက်နေ .....
                              (ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမှောက်) ။

နွားထီး ငါးကျပ် ၊ နွားမ ငါးကျပ်
ရောင်းဈေးတင်တဲ့ ခောတ်ကာလမှာ
ကုလားဘာပူ ထိုင်ကာ ငိုလို့
လက်လီ လက်ကား ဆိုင်တချို့မှာ
ရောင်းဈေးထက် ဝယ်လိုအားက
နည်းနည်းလျော့တယ် .....
                                  (ကုန်ရောင်း ၊ ကုန်ဝယ်) ။

အမေပြောတဲ့ စကား
သွေးထွက်အောင် မှန်ပ
အခုချိန်များ
ဆင်တစ်ကောင် နှစ်ကျပ် နဲ့ ပေးရောင်းလဲ
ငါမဝယ်နိင်ဘူးတဲ့ .....
                                  ( ကမ္ဘာ့ စီးပွားရေးကျဆင်းမှု့) ။

ညီစေနိင်
              ၂၅၊၆၊၁၁ ။

စစ်သည် ခရီးရှည်

စစ်သည် ခရီးရှည်

တွန်းလှန်ကာ တိုက်ခိုက်
တို့ စစ်သည်သွေးက နီတယ်လေ.....။

တောတောင် ၊ မြစ်ဖျား
ရေခဲလွင်ပြင် ၊ ကန္တာရ မကျန်
စွန့်စွန့်  စားစား
စုံဆန် ၊ ကူးခတ်
ငါ့ ခြေလျှင် ခရီးရှည် .....။

အစား ရေစာ ငတ်ပြတ်နေလဲ
ငါ့ ဇွဲအားမာန် မယိုင်လှဲဘူး
ရန်သူတွေ့ က မရှောင်မရှား
သူသေ ကိုယ်သေ
ရင်ဆိုင်ဖို့ရာ သတ္တိအပြည့် .....။

ငါလို စစ်သည်
ကံကောင်းလို့မသေပ
စစ်သည် တစ်သောင်း ရှိသည့်အနက်
သုံးပန်းဘဝနဲ့ ရန်သူ့လက်ထဲ ကျရောက်ခဲ့
သေကောင်းပေါင်းလဲ ခံရသော်ငြား
ဒူးသာထောက်ရ ငါ မကြောက်ဟု
ကြွေးကြော်မပျက် စိန်ခေါ်လျှက် .....။

ဒုက္ခတွေးကြား ပြေးရင်း လွှားရင်း
လူသတ်တိုက်ပွဲ စစ်လက်နက်ကို
ရွံရှာ စိုးရွံ့ မုန်းတီး စိတ်က
ကယောင်ခြောက်ခြား ကြောက်လန့်နေလို့
လူစိမ်းမြင်လျှင် ငါ့ စိတ်တွေက တိုက်ခိုက်ချင်မိ .....။

ရေခဲပြင်မှာ ခရီးနှင်တော့
ဆီးနှင်း မုန်တိုင်းက ခက်ထန်ပြန်
ကြာလာတော့လဲ မခံနိင်ဘူး
ကိုယ်လက် ခြေဖျား အအေးဓာတ်ပိုကာ
သွေးခဲလို့သွား ပေါ့
မရှိမဲ့ အရှိမဲ့ ခွန်းအားကို ညှစ်ကာ
ရေဖျံ တစ်ကောင်ရဲ့ ကံကြမ္မာကို
အခွင့်ကောင်းယူပြီး ကြိုးစား ပုတ်သတ်
ဝမ်းဗိုက်ကို ခွဲ  ငါ့ ခြေ လက်တွေ ထည့်သွင်းထားမှ
အနွေးဓာတ်ကို ရစေတယ်.....။

ဇာတိမြေမှ
ငါ့ အဖေ နဲ့ ငါ့ အမေ
ဇနီးသားမယားနှင့် ဆွေမျိုးတွေ
ကစဉ်ကလျား အဆင်မပြေတဲ့ကြားထဲက
ရှေ့တန်းတိုက်ပွဲ ထွက်လာခဲ့တာ
ဥပေက္ခာတရားနဲ့ နောင်တ တရားကို ငါ ဂရုမစိုက်လို့ ပဲ .....။

မယုံနိင်စရာ
ငါ အိမ်ပြန်ရောက်တော့ မြင်မြင်ချင်းပဲ
ချစ်သား ချစ်သ္မီး ၊ ချစ်ဇနီးက
 ပြေးလွားခုန်ပေါက် ပျော်မြူရွှင်ကာ
ပြေးဖက်ကာနမ်း ၊  ပွေ့ဖက်ကာငို
ထိန့်တလန့် ရင်ထဲစိုးနင့်ကာ ကြေကွဲလို့ ...........ကွဲ ။

ရုပ်ကြမ်းတဲ့ လူကြမ်းကြီး စစ်သည်
မသေပါဘူး ရှင်ကွဲ ခဏရယ်မို့
စိုးထိတ်ကို ပြေစေတော့
တိုးတိတ်ကာအိပ်ပါတော့ကွယ် .....။

မိုးမလင်းခင်
သေသူ စစ်သည်တချို့ အိပ်ပျော်စေဦးတော့
နောက်တနေ့ မနက် အလင်းရောက်မှ
တို့မိသားစု ဘုရားကျောင်းမှာ ခေါင်းလောင်းထိုးပြီး
သေသူ စစ်သည် အေးငြိမ်းစေဖို့
အမျှဝေကာ ဆုတောင်းစို့........။

ညီစေနိင်
၂၃၊၆၊၂၀၁၁ ။

ရွှေမင်းသ္မီး

ရွှေမင်းသ္မီး

အဲဒီ
ရွှေမင်းသ္မီးလေကိုမှ အပြစ်မဆိုသာ
အချစ်တွေပိုကာ မေတ္တာသက်ဝင်
ပေါင်းဖက်ချင်မိ ....

ဘာကြောင့်များ
မသိစိတ် ငါ့ အတ္တ က
ရွှေမင်းသ္မီးလေးကိုမှ နှစ်သက်လိုကြောင်း
အခါတော်အရေး တွေးရသနည်း ....

အထိမဆို ထားဘိ
အကြည့်တော်တောင် မခံလင့်ကစား ....

ငါကိုယ်က ရွှေမင်းသ္မီးလေကိုမှ
အတင့်ရဲလှ အကြည့်တော်ကြောင့်
အပြစ်မဆိုဝံ့သာပ အပြုသဘောရယ်သာ
အမျက်တော် ကြီးလွန်ခဲ့ရပါပေတယ် ....

အိမ်ရှေ့စံ ကိုယ်တော်ကြီးက
ငါ့ကိုများ အမျက်တော်စူးရှကာ
အမိန့်တော်ချမှတ်လို့ငှာ ....

မကြားဝံ့ မနာသာ ဘိတော့တယ်
အသက်တော်ထွက် ကွက်မျက်စေအံ့ဟုတဲ့ ....

ရှိစေအုံးတော့ ဘ၀ကံရယ်
ငါကိုယ်၌က
အချစ်ပါရမီ ဘုန်းကံထိုင်းမှိုင်းလေတော့
အလှသွေးကြွယ်ပြော ရွှေမင်းသ္မီးတော်ကို
ဖူးစာစဉ်ဆက် သိမ်းမြန်းစေရေး ....

ထီးနန်းရောင်ဖိတ် အောင်နိမိတ်နဲ့
အချစ်ကံ မခေသင့်သူ
ကြီးမြတ်သော ဖူးစာရှင်ဘုရင်ဖြစ်စေအံ့ဟု
ငါကိုယ်တော်သဘော တောင်းဆုချွေး၏လော ....။ ။

ညီစေနိင်                    15 ၊ ၁ ၊၂၀၁၁ ။ ။

အမေအို ရဲ့ တမ်းချင်း

အမေအို ရဲ့ တမ်းချင်း

၁။
သားရဲ့ ဘဝ
အောင်မြင်တိုးတတ် ၊ ကြီးပွားဖို့ရာ
အဝေးထွက်သွား ၊ စီးပွားရှာလည်း
အမေ မတားလို
မှာချင်တယ် သား
အမေ့ကိုတော့ "သတိရ" ။
၂။
သားရဲ့ အရွယ်
လူပျိုပေါက်မို့
ကြင်သူသက်ထား ရှိခဲ့ပါမှု
အမေ မပြောလို
မှာချင်တယ် သား
အမေ့ကိုတော့ "မမေ့" နဲ့ ။
၃။
သားတို့ အရွယ်
လူငယ်ပိုင်းမို့
ပျော်ပါးယစ်မှုး နေကြသော်လည်း
အမေ မတတ်နိင်
မှာချင်တယ် သား
အမေ့ "စကား" နာဝယ်ထား ။ 
၎။
သားရဲ့ဘ၀ ခရီးကြမ်းဝယ်
ဒုက္ခရောက်၍ မဖြောင့်ဖြူးလည်း
အမေ မကူညီနိင်
မှာချင်တယ် သား
အမေ့ "ထမီစ" လက်ဝယ်ထား ။
၅။
သားရဲ့ ခန္ဓာ မကျန်းမာ၍
အမေကို တမ်းတ ငိုကြွေးပါမှု
အမေ မကယ်နိင်
မှာချင်တယ်သား
အမေ့ "စိတ်ပုတီး" လည်မှာဆွဲထား ။

အဝေးမြေရောက်
သားတစ်ယောက်ထံ
ဖတ်ရန် ၊ မှတ်ရန်
ရည်စူးကဗျာ
တမ်းချင်းလင်္ကာ
.....ပြီးတော့
အမေ့ အသက် ၆၅ နှစ်ရှိနေပြီမို့ ......။ ။

ညီစေနိင်            ၁၅၊၁၊၂၀၁၁ ။

ရုပ်ပြောင်း ရုပ်လွဲ

မျက်နှာထားက ကွမ်းတပြေး
ကိုယ်နေကိုယ်ဟန်
သူ့ပုံစံက
မိန်မဆန်ဆန်
နောက်ကကြည့်တော့
ရင်ဖိုတောင် မသမ်းသေးတဲ့ အနေအထား ။

နှင်းနုရောင် နူတ်ခမ်းပါး အလွှာနှစ်ထပ်က
အများသူငါ နှစ်လုံးသားထဲ
စွတ်ပျံ့လို့ သက်ဝင် ။

စွဲမက်စေတဲ့
သူ့ရဲ့
လုံးကျစ်ကျစ် တင် ခန္ဓာ
အုံကြွနေတဲ့ ရင်တဖုံ ။

အပြောမကောင်းပေမဲ့
သဘောကောင်း၏ ။

မာန်စွယ်ထိမှန်
ဒေါသမြန်သတဲ့
တုံ့ပြန်မှု့ ရုပ်အသွင်
နီကျင့်စေတာ
သူမျက်နှာ ။

ကလေးအထာ သူ့စိတ်တွေက
မပြတ်မသား မာနဇောင်းနဲ့
လူတကာကို ရိုက်ချိုးပစ်တာ
သူ့အလှပညာ ။

မျက်နှာပွင့်ဆေး
သူမသုံးဘူး
ကြိုက်သူ ၊ ခိုက်သူ
များလွန်းပါဘိတော့တယ် .....။ ။

ညီစေနိင်
၁၊၈၊၂၀၁၀။

ရင်ကွဲအလွမ်း

၈၅ ခုနှစ်က အလွမ်းတက္ကသိုလ်
ရင်ထဲမှာ မချိတင်းခဲနဲ့
အဆွေးထဲက သွေးစိမ်းတွေတောင် ထွက်ကျလို့ ....

သမိုင်းစာအုပ်ကြားက ကံ့ကော်တန်း
ဥသြငှက်ရဲ့ ကဗျာအက်ကွဲသံ သဲ့သဲ့ ....

ဟောဒီ နံရံမှာ တို့တွေအားလုံး မမေ့ကြေး
အမှတ်တရ လွမ်းစာတွေ ထုဆစ်ခဲ့ကြ ....

နေသားကျနေတဲ့ မိခင်ကျောင်းတော်ကြီးလဲ
သံချေးရောင်တွေ တက်နေပြီ ....

တချို့က
ကဗျာတွေနဲ့ လွမ်း ..

တချို့က
သီချင်းတွေနဲ့ လွမ်း ..

တချို့က
ပန်းကုံးတွေကြားမှာ နာမည်တစ်လုံးနဲ့
ငြိမ်သက်နေလိုက်တာများ
လွမ်းစိတ်ကို ပိုစေတယ် ....

သူ့နေရာနဲ့ သူ
အလွမ်းကိုယ်ဆီနဲ့
သတိတွေရနေကြဆဲ ....

ဟိုတချိန်က
တက္ကသိုလ် ... ဆီသို့  ။ ။

ညီစေနိင်
၁၊၈၊၂၀၁၀။
မှတ်ချက်။ ။ဒီကဗျာလေးကိုရေးဖြစ်သွားရတဲ့ အကြောင်းကတော့ ဟာသလူရွှင်တော် ပိန်ပိန် ရဲ့ မိုးနတ်သူဇာ အငြိမ့်သဘင်စတင်ခြင်းနှင့် ကျောင်းသားဘ၀ကတက္ကသိုလ်အကြောင်း စောင်းပါးလေးကို ဖတ်ဖြစ်ပြီး ကျောင်းသားဘ၀ရဲ့ အသက်အငွေ့ကို ခံစားပြီး ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~